ကြယ်တစ်ပွင့်ပေးခဲ့တဲ့ နေတစ်စင်းအတွက် အမွေ…
ဆရာတာရာမင်းဝေ ရေးခဲ့တဲ့ စာအုပ်တွေထဲမှာ ``ခေတ်နေအတွက် စာတစ်ရွက်…´´ ဆိုတဲ့စာအုပ်က သူ့သားအတွက် ရည်ရွယ်ပြီး ရေးခဲ့တာပါ။ သူ့ရဲ့အမှာစာထဲမှာလည်း သားဖြစ်သူကို အသိပညာအမွေပေးချင်လို့ ဒီစာအုပ်ကို ရေးရခြင်းဖြစ်တယ်လို့ ပြောထားပါတယ်။ စာအုပ်နာမည်ကိုလည်း ``ဗျူဟာမြောက်သော အင်္ဂလိပ်စကားပုံ´´လို့ ထပ်ပြောထားပါသေးတယ်။ အင်္ဂလိပ်ဘာသာနဲ့ရေးထားလို့ အင်္ဂလိပ်စကားပုံလို့ ခေါင်းစဉ်တပ်ထားပေမယ့် လူမျိုးအသီးသီးရဲ့ စကားပုံတွေ ပါဝင်ပါတယ်တဲ့။ စကားပုံတစ်ခုစီရဲ့အောက်မှာလည်း ရှင်းလင်းချက်အတိုလေးတွေ ထည့်ပေးထားပါတယ်။ အဲဒီစာအုပ်ထဲက တချို့စကားပုံလေးတွေကို ဆရာတာရာမင်းဝေ အမှတ်တရအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ဂရိတွေးခေါ်ပညာရှင်ကြီး ဟေရာကလိုက်တပ်(စ)က ``မြစ်တစ်မြစ်မှာ ရေနှစ်ခါမချိုးနိုင်ဘူး´´လို့ ပြောသွားတယ်။ ကျော်ကြားလှတဲ့စကားမို့ လူသိလည်း များလှပါတယ်။ ရေတွေက စီးဆင်းနေတယ်သား။ သားချိုးခဲ့ပြီးသားမြစ်မှာ နောက်တစ်ခါသွားပြန်ချိုးရင် မတူညီတော့တဲ့ရေတွေ၊ အသစ်အသစ်သော ရေတွေနဲ့ပဲ သား ရင်ဆိုင်ရလိမ့်မယ်။ လောကကြီးဟာလည်း မြစ်ရေတွေလိုပဲ အချိန်နဲ့အမျှ စီးဆင်းပြောင်းလဲနေတယ်။ ပြောင်းလဲမှုနဲ့အတူ သားဟာ လိုက်ပါရှင်သန်ရလိမ့်မယ်။ လိုအပ်ရင် သီချင်းသံစဉ်တစ်ခုအတွက် ဂစ်တာကို ကြိုးညှိတီးခတ်ရသလိုမျိုးပေါ့။ လက်ကွက်ပြောင်းရသလိုမျိုးပေါ့။ မင်းဟာ ဘ၀ကို သီချင်းတစ်ပုဒ်လို ဆိုကျူးသွားချင်သလား။ ခေတ်အလျှောက်၊ အချိန်အခါအလျှောက် မင်းကိုယ်မင်း ကြိုးညှိတီးခတ်သွားပါ။
``ခေတ်နဲ့ လိုက်လျောညီထွေ နေတတ်ပါစေ´´
ဂရိတွေးခေါ်ပညာရှင်ကြီး ဆိုကရေးတီးရဲ့ စကားတစ်ခွန်းရှိတယ်။ သင့်ကိုယ်သင်သိပါ (Know thyself) တဲ့။ တကယ်တော့ အဲဒါဟာ သူ့ရဲ့ကိုယ်ပိုင်စကားမဟုတ်ပါဘူးကွယ်။ ဒဲလ်ဖိနတ်ကွန်းမှာ ရေးထားတဲ့စာသားကို လူတွေအပေါ် ဆုံးမဖို့ သူက ယူသုံးတာပါ။ အခုတော့ သူ့စကားအဖြစ်ပဲ တွင်ကျယ်နေခဲ့ပြီပေါ့။ မြန်မာပညာရှိကြီးတစ်ဦးဖြစ်တဲ့ သခင်ဘသောင်းကလည်း အဲဒီလို စကားများကို ပြောဖူးတယ်။ ``ကိုယ့်အကန့်အသတ်ကို ကိုယ်သိပါ´´ (Know thy limit )တဲ့။ သားကိုယ်သား သိပါ။ သားရဲ့အကန့်အသတ်ကို သားသိပါ။ ကိုယ်လှမ်းမယ့်ခြေလှမ်း၊ ကိုယ်လျှောက်မယ့်ခရီးလမ်း အားလုံးကို ချိန်ထိုးပြုလုပ်ပါ။ တတ်နိုင်ရင်…
``မင်းအတောင်ပံနဲ့ပဲ မင်းပျံပါ´´
အိုလံပစ်အားကစားသမားတွေမှာ ပြိုင်ပွဲဝင်မှုနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ရေးရာ လေ့ကျင့်ခန်းတွေ လုပ်ကြရလေ့ရှိတယ်။ ပြေးပွဲတစ်ခုအတွက် တာထွက်ချိန်၊ မြားတစ်စင်းကို ပစ်လွှတ်ဖို့ အသက်ရှူနေချိန်၊ ပယ်နယ်တီကန်ဖို့ ခရာသံကိုစောင့်နေချိန် စတာတွေအတွက် အရေးတကြီး လေ့ကျင့်ရတာပေါ့။ အဲဒီအချိန်လေးကို Zen moment လို့ ခေါ်တယ်။ စကားနယ်ကို ချဲ့လိုက်ကြစို့။ လူတစ်ယောက် အကြံကောင်းဥာဏ်ကောင်းရဖို့ အသိအမြင်မှန်ကန်စင်ကြယ်သွားဖို့ စတာတွေဟာ ခေါင်းထဲမှာ အလင်းတစ်ချက် လက်သွားဖို့ပဲ လိုတယ်။ စက္ကန့်ပိုင်းလေးမျှပါပဲ။ Golden Second လို့ခေါ်တယ်။ အဲဒီအလင်းပွင့်ကလေးရဲ့ ဘ၀ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းဟာ အများကြီး ပြောင်းလဲသွားနိုင်တယ်။ တကယ်တမ်းကျတော့ ပြောင်းလဲချိန်ဟာ ဘာမှမကြာဘူး။
``တစ်နှစ်အတွင်းမှာ မဖြစ်တဲ့အရာဟာ နှစ်မိနစ်အတွင်းမှာ ဖြစ်လာနိုင်တယ်´´
လောကသားတွေဟာ အမှန်ဝါဒ(Realism)နဲ့ မာယာဝါဒ(Illusionism) ကြားမှာ ရှင်သန်နေကြရတာ။ အစစ်တစ်ခု အတုတစ်ရာလို့တောင် ပြောရိုးရှိကြတယ်။ မစစ်မှန်မှုတွေကြားထဲမှာ နေထိုင်ရင်း စစ်မှန်မှုတို့ကို ရှာဖွေနေကြရတာပဲ။ လူတွေကို မှားစေတဲ့အထဲမှာ ``အကြောက်တရား´´ဟာ အဓိကနေရာကနေ ပါဝင်နေတယ်။ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး အရာဟာ ``ကြောက်တတ်တဲ့စိတ်ပဲဖြစ်တယ်´´လို့လည်း ပြောကြတယ်။ တတ်နိုင်သမျှ ရဲရင့်စမ်း သား။ ကြောက်စိတ်တွေ မထားနဲ့။ ကြောက်စိတ်ဟာ လူကို အယောင်ယောင် အမှားမှား ဖြစ်စေတယ်။ ကိုယ့်ကို အန္တရာယ် ပြန်ပေးတတ်တယ်။ အမှန်တရားနယ်ပယ်မှာ မရပ်တည်နိုင်ဘဲ မာယာနယ်ပယ်ထဲကို ကျွံကျမြုပ်နစ် သွားစေတတ်တယ်။
``ကြောက်စိတ်ဟာ ၀ံပုလွေကို နဂိုအရွယ်ထက် ပိုကြီးသွားစေတယ်´´
Harvest comes not everyday, though it comes every year.
ဘောလုံးပွဲကိုကြည့်ရင်း ဖေဖေတွေးမိတာရှိတယ်။ ဘောလုံးပွဲဆိုတာ ဘောင်ကန့်သတ်ထားတဲ့ အချိန် (Time frame)တစ်ခုထဲမှာ ကစားရတာ၊ မိနစ်ကိုးဆယ်ပေါ့လေ။ ဒါပေမယ့် သူတို့မှာက ဒဏ်ရာရ ရပ်နားချိန်တွေအတွက် အပိုဆောင်းကစားချိန် (Injury time)ဆိုတာ ရှိတယ်။ ဖေဖေတို့ လက်တွေ့ဘ၀မှာတော့ ဒဏ်ရာရချိန်အတွက် ပြန်ကစားခွင့်ဆိုတာ မရှိပါဘူးကွယ်။ ထားပါတော့။ ဒီနေရာမှာ ဖေဖေပြောချင်တာက လူ့ဘ၀ဆိုတာ အချိန်နဲ့ တိုင်းဆပြီး ရှင်သန်လုပ်ကိုင်ရတာ။ ဘယ်အချိန်မှာ လှုပ်ရှားရမယ် ဆိုတာလည်း နားလည်တတ်ရမယ်။ လိုအပ်ရင် အချိန်စီမံချက် (Time plan)ကို သား ရေးဆွဲထားရမယ်။
``ကောက်ရိတ်သိမ်းချိန်ဟာ နှစ်တိုင်းတော့ လာတတ်တယ်။ ဒါပေမယ့် နေ့တိုင်းတော့ မဟုတ်ဘူး´´
Better a friendly refusal than unwilling consent.
ဖေဖေ့ဘ၀မှာ အကျပ်အတည်းရောက်ခဲ့တာတွေ ရှိတယ် သား။ အဲဒါတွေအားလုံးဟာ အားနာတတ်လို့ ဖြစ်ရတာတွေ များတယ်။ ဖေဖေက အရမ်းအားနာတတ်တယ်လေ။ အဲလောက် အားနာတတ်တာ မကောင်းဘူးလို့ မိတ်ဆွေကောင်းတချို့ကတောင် ဖေဖေ့ကို ဆူပူကြိမ်းမောင်းကြပါရဲ့။ ဖေဖေကိုယ်တိုင်လည်း ဒီစိတ်သဘောထားကြီက နေရာတိုင်းမှာ မသင့်တော်မှန်းသိတယ်။ ဖေဖေတို့ရပ်ကွက်မှာ ဘိန်းမုန့်ရောင်းတဲ့ မိန်းမကြီးတစ်ယောက်ရှိတယ်။ စေတနာဟာ လူတိုင်းနဲ့မတန်ဘူးလို့လည်း တဖွဖွပြောလေ့ရှိတယ်။ နောက်တော့လည်း သူပြောတာက ဟုတ်သလိုလိုပါပဲ။ နောက်ကွယ်မှာ ဖေဖေ့ကို ဒုက္ခပေးနေကြသူတွေကပဲ သူတို့အကူအညီလိုတော့ ဖေဖေ့ဆီ ရောက်လာကြပြန်ရော။ အားမနာတတ်တဲ့သူတို့ကို အားနာတတ်တဲ့ ဖေဖေကပဲ အရှုံးပေးလိုက်ရပြန်ရော။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ နေနိုင်ရင်တော့ ကောင်းမယ်။ဒါပေမဲ့ ပျားအုံရှိနေတဲ့ သစ်ကိုင်းမှာ ဖေဖေက တက်မလျှောက်ရဲဘူး။ ဖေဖေ့ရဲ့အားနည်းချက်ကို သားက ပြင်ပေးပါ။
``ဆန္ဒမရှိဘဲ သဘောတူလိုက်ရတာထက် မိတ်ဖြစ်ဆွေဖြစ် ငြင်းဆန်လိုက်တာက ပိုကောင်းပါတယ်´´
The beggar's bag has no bottom.
``ဘာမှမလုပ်တဲ့သူဟာ သူတောင်းစားလုပ်ရတယ်´´လို့ ပြောလေ့ရှိတယ်။ ဘာမှမလုပ်တော့ ဘာမှမရဘူးပေါ့။ သူတောင်းစားဟာ လမ်းဘေးမှာ အိပ်တယ်။ သူတစ်ပါး ပေးစာကမ်းစာကို တောင်းရမ်းယူရတယ်။ ထမင်းတစ်နပ်နဲ့ တစ်နပ်ကြားမှာ အသက်ရှင်နေရတယ်။ ငွေတောင်းတဲ့ သူတောင်းစားတွေကိုတော့ သား မြင်ဖူးလိမ့်မယ်။ အခြား အခြားသော ယုံကြည်ချက်သူတောင်းစား၊ အယူအဆ သူတောင်းစား၊ တဏှာသူတောင်းစားတွေကိုတော့ တော်တော်ကြီးကြည့်တတ်မှ မြင်လာလိမ့်မယ်။ အဲလိုဘ၀မျိုးမှာ သားလည်း ဘယ်တော့မှ မရပ်တည်ပါနဲ့။ အဲဒီလို ရပ်တည်သူတွေနဲ့လည်း ဘယ်တော့မှ သား လက်မတွဲပါနဲ့။
``သူတောင်းစားအိတ်မှာ အောက်ပိတ်ကြမ်းပြင် မပါဘူး´´
Sins and debts are always more than we think them to be.
နောင်တဆိုတာ ပူလောင်တတ်တဲ့ အရာမို့ ဘယ်သူကမှ မလိုချင်ကြဘူး။ အပြစ်တွေ၊ အမှားတွေနဲ့ လိမ်ယှက်နေတဲ့ အရာမို့လို့လည်း မချိတင်ကဲ ကြေကွဲစရာ ကောင်းလှတယ်။ နောင်တရစရာဆိုတာ လူတိုင်းလိုလိုမှာ ရှိတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် အင်မတန်မှ တာဝန်ကျေတဲ့သူ၊ ဘ၀မှာ နောင်တရစရာ မရှိဘူးလို့ ကြွေးကြော်သူတွေတောင် တကယ်တမ်း စစ်ဆေးကြည့်တဲ့အခါ သူတို့ရဲ့အထင် မှားနေကြောင်း သိရတယ်။ စိတ်ကူးထဲကနေ ကိုယ့်ကိုယ်ကိုယ် သေခိုင်းကြည့်တဲ့နည်းပဲ သား။ နောက်တစ်နာရီမှာ သူသေတော့မယ်လို့ သူ့ကိုယ်သူ ခံယူကြည့်လိုက်၊ မပြီးပြတ်သေးတာတွေ၊ မပေးဆပ်ခဲ့တာတွေ၊ ကတိမတည်ခဲ့တာတွေ၊ လုပ်ချင်တဲ့ကောင်းမှုတွေအတွက် တိတိပပ အကောင်အထည် မဖော်ဖြစ်သေးတာတွေ အများကြီး ထွက်လာလိမ့်မယ်။
``ငါတို့မှာရှိတဲ့ အပြစ်နဲ့ အကြွေးတွေဟာ ငါတို့ ထင်ထားတာထက် ပိုများတယ်´´
There is a But in everything.
လူတိုင်းဟာ မှန်ကြည့်ဖူးကြတယ်။ မှန်ရှေ့က ဒြပ်တွေဟာ မှန်ထဲမှာ သူ့ပုံအတိုင်း ပြန်ပေါ်ကြတယ်။ ``အမှန်အတိုင်း ပြန်ပေါ်တဲ့အရာမို့ မှန်လို့ ခေါ်တယ်´´လို့တောင် တချို့က ပြောကြတယ်။ ဒါပေမယ့် သူတို့ပြောတဲ့အတိုင်း အမှန်တကယ် မဟုတ်ပါဘူးကွယ်။ မှန်ထဲမှာက တစ်ဖက်ကလွဲပြီး ဖြစ်ပေါ်တာပါ။ သားက ညာလက်မြှောက်လိုက်ရင် မှန်ထဲက သားပုံရိပ်က ဘယ်လက်မြှောက်နေလိမ့်မယ်။ အဲဒီလောက်က ထားပါတော့။ သားဖတ်နေတဲ့ စာတစ်စောင်ကို မှန်ရှေ့မှာ ပြကြည့်ပါ။ ပြောင်းပြန် ဇောက်ထိုးဖြစ်နေတဲ့ စာတွေဟာ အင်မတန် အကြည့်ရဆိုးလှပါတယ်။ ဒီနေရာမှာတော့ မှန်ရဲ့ ဆောင်ကြဉ်းမှုဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီ။ တသွေမတိမ်း ထင်ဟပ်တယ်လို့ ယူဆရတဲ့မှန်တွေမှာတောင် ကွာဟမှုလေးတွေ ဒီလောက်ရှိနေပြီဆိုရင် လောကလူသားတွေကြားထဲမှာလည်း လွဲချော်မှုလေးတွေ ရှိနေမှာပဲ။
``ဒါပေမယ့်ဆိုတာကတော့ အရာတိုင်းမှာ ရှိတယ်´´
The world is a stair case; some are going up, some are coming down.
ဖေဖေက လောကကြီးကို လည်နေတဲ့ ဂျင်တစ်လုံးလို့ မြင်တယ်။ ဂျင်ဟာ အပေါ်နဲ့အောက် (Up and down) ကိုလည်း ယိမ်းညွှတ်လည်ပတ်တယ်။ ဟိုဘက်ဒီဘက် (Side by side) ကိုလည်း နွဲ့ခါလည်ပတ်တယ်။ တစ်ခုတည်းရှိတယ်၊ အဲဒီ လည်ပတ်နေတဲ့ဂျင်ဟာ လောကဆိုရင် ဘယ်အပေါ်မှာဘာနဲ့ထောက်ပြီး ရပ်တည်လည်ပတ်နေတာလဲ။ ဂျင်အတွက် ဖြေလို့ရပေမယ့် လောကအတွက်ဆိုရင်တော့ ဖြေလို့မရတော့ဘူး။ အဲဒီတော့ သားကိုလည်း အကွန့်အညွန့်တွေ ပြောမနေတော့ဘဲ ရိုးရှင်းတဲ့ စကားတစ်ခွန်းကိုပဲ ပြောခဲ့ပါ့မယ်ကွယ်…။
``လောကဟာ လှေခါးတစ်စင်းပဲ။ တချို့က အပေါ်ကို တက်နေကြတယ်။ တချို့က အောက်ကို ဆင်းနေကြတယ်´´
ပေးပို့သူ - ဆုဝေ
1 comments:
very good post.
thanks for this post.
Post a Comment