တာရာမင်းဝေ အမှတ်တရ

ဆရာတာရာမင်းဝေ၏ စာမူများ စုစည်းမှု

ပန်းချီမုတ်သုန်ရေးဆွဲသည့် ပုံတူ

ခေါင်းလောင်းသံစာတမ်း

(၁)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့…ကို ကျွန်တော်သတိရလိုက်တာ…
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ်…။

လောကအတုမှာ ..လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်း ကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ…
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု..ဘယ်မှာလဲ
ဘယ်မှာလဲ…..။

မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ…။

(၂)
ကျွန်တော်မှတ်မိသမျှ…
မေမေ့မျက်လုံးဟာ ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊နှင်းစက်တွေဖုံး
နေရောင်တွေလည်း ခါးကုန်းအောင်ရုန်းခဲ့ရပေါ့

သစ်ကိုင်းခြောက်ကြီးက မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင် ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ…
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကို လျှောက်နင်းခိုင်းခဲ့တယ်…။

မုသားတစ်လွှာ မာယာတစ်ထပ်၊၀တ်ရည်တစ်စက်နဲ့
အို…ခတ္တာရေ…
ပုခက်လွှဲသောလက်တွေနဲ့ ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင် ပုခက်ဖြစ်ပြခဲ့တယ်…။

“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။

(၃)
ခြေထောက်တွေက လှေကားထစ်အတိုင်းတက်သွားပြီး..
လူက..လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာ ကိုယ်ပြန်ခိုချင်လို့်ရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။

ပြက္ခဒိန်ထဲမှာ ကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရ မွန်းလွဲအိုတစ်ခုက
“မေမေ့”ကို လုသွားတယ်…။

နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ်….။
လက်ဖမိုးနဲ့ဖျက်ဖျက်လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ်…။

(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တ၀င်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ်….။

ငယ်ငယ်တည်းက
“၀”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး..။

မေမေ့မှာ
ဘာသာဗေဒမတူ၊ဖတ်တဲ့စာချင်းမတူ၊ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ်…။

မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ်…။

ကျွန်တော့်မေမေဟာ
သူများမေမေတွေထက်…နို့ရည်ပိုမထွက်ပါဘူး…….
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ်….
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ..။

(၅)
ဖုန်မှုန့်ပျံ့စင်…
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု..လင်းနို့တွေအောင်းနေပြီမေမေ..။

လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။

စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ်..။

မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။

“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်…
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။

ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။

(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အကျီ င်္မှာကြယ်သီးတစ်လုံးလိုနေပြီ….မေမေ..။

ငယ်ငယ်ကတည်းက….
မေမေကခံတပ်လုပ်၊ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေေ၀ဆာဆာဓါးချင်းခုတ်ဖူးတယ်….။

ကျွန်တော့်ဘ၀တောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ…
ကျွန်တော့်ဘက်မှာရပ်တည် ၊ကာကွယ်၊တိုက်ခိုက်
သူမကိုတော့..မြားအစင်းစင်းစိုက်ခဲ့တယ်…။

ကျွန်တော့်ကိုအလိုလိုက်..ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို..မေမေပဲငို..။

မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့်….တဲ့။

(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ်…
ကျွန်တော့်ကိုမေမေက..
ပညာလှလှတတ်စေချင်တာ..အသေအချာပေါ့..။

ကောင်းကင်ပေါ်က“လ”နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ….
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ..။

ကျွန်တော်ကလူပျင်း..
သစ်ပင်ခြေရင်းမှာရပ်လိုက်၊သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ..
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ…။

တစတစ…
လူငယ်သီချင်း၊နှင်းဆီဓားသွား၊ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ်..။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ..
အိပ်မက်တွေအမြှောင်းမြှောင်းထ..
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ်..။

(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊အိပ်မက်ကိုစောင်လိုခြုံဆဲ…
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ်…။
ကျွန်တော်….
မပျော်လေလွင့်၊ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ..။

မေမေဟာ…
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကိုခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို..မီးအိမ်ကိုင်ပြီးစောင့်နေတယ်..။

နာကြည်းပင့်သက်၊အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား..သားကိုယ်စား မျက်ရည်မဲ့စွာငို..။

သား…
ဘ၀ဆိုတာရေစီးထဲကဗေဒါ..မရေရာဘူးကွဲ့
ဒါပေမယ့်…

မျှော်လင့်ချက်ရဲ့ အရုပ်များ၊အရောင်များ၊အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား..
ဝိညာဉ်ရုန်းကန်တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ်..။

မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း…တစ်စက်ချင်း…တစ်စက်ချင်း..ချိုစေခဲ့..။

(၉)
ဝါဆိုပန်းခူး၊စံပယ်ဦးတို့မွှေးသက်ဝေေ၀
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့..ရေကိုလည်းကျွန်တော်နမ်းခဲ့..။

မေမေဟာ..
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ်..။

မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း
ကျွန်တော်….လမ်းမှာဝတ်ရန်..။

နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ…

မုဆိုးခြေထောက်များနဲ့ ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေ ပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်း ဗောင်းလန်အောင်ခါရမ်းပွင့်ဝေ…။

(၁၀)
သား…
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့

မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ်…(ဖိနပ်လည်းအခါခါပေါက်ခဲ့)

ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ..ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား ၊အမှားများလည်းချင်းချင်းနီ…။

ဧရာဝတီမေမေ၊ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊နံနက်ခင်းကြေးရုပ်ဟာမေမေ…။

ခု..မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ…နီလဲ့..
လူတဆုံး…၀ိညာဉ်တဆုံး၊အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ..”

(၁၁)
မေမေဟာ..နာရီသံနဲ့အိပ်၊နာရီသံနဲ့နိုး..
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ်..။

မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ပွင့်အိုလေးပမာ၊၀ါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ်..။

သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ်..။

လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ်..။
(အလင်းပြာမှတ်ကျောက်အတွက်မင်တစ်ပေါက်ဖြစ်တယ်..)

(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ..။

မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ….အဝေးမှာ…
ကျွန်တော်က…ဟိုး…အဝေးကြီးမှာ..။

ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ…။

အမေ့ရဲ့ခြေလို၊လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့…။

အမှားလက္ခဏာ၊အမှန်လက္ခဏာ၊ဘာနဲ့မှလာမတိုင်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ..ကောင်းရာဘုံသို့ရောက်ပါစေ..။
(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း.)

(၁၃)
နောင်…နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊၀တ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ….
အဲဒီလူဟာ..သားပဲပေါ့မေမေ…
ဘယ်သံသရာမှာပြန်ရှာရင်မေမေ့ကိုတွေ့နိုင်မလဲ…
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့်…။

အမေ့ကိုယ်စား…
အမေ့ကိုယ်ပွား…
ကြယ်စင်များကိုလက်ဖ၀ါးနဲ့ပန်၊မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အ၀ါရောင်မီးရှူးမီးပန်းလို
“လင်း”ပြီးမှပျောက်မယ်…။

ကျွန်တော်…
မေမေ….
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ..တစ်ပုဒ်ပြီးဆုံးသွားပါပြီ..။

မေမေ…
ကောင်းရာသုဂတိလားပါစေ…
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
…………………………………………………….
………………………………………………..
…………………………………………..

(တာရာမင်းဝေ)

မှတ်ချက်။ ။ ဆရာတာရာမင်းဝေ၏ အထက်ပါ ကဗျာကို အီးမေးလ်မှတဆင့် ပေးပို့လာသူ အမည်မဲ့အား ကျေးဇူးတင်ရှိပါသည်။

သေလူ

ငါဟာ မြားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါ ပေ မယ့် . . . ဘယ်ဝါးကျည်ထောက်ကိုမှ
ဒူးမထောက်ခဲ့ဖူးဘူး။

ငါဟာ ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါ ပေ မယ့် . . . ဘယ်ဓားအိမ်ထဲမှာမှ အိပ်မက်မက်
မနေခဲ့ဖူးဘူး။

နောက်တော့
… ငါဟာ အက္ခရာတစ်လုံးဖြစ်သွားတယ်
ငါ့ကိုယ်ငါ ပြန်ဖတ်လို့ မရတော့ဘူး။

အဲဒီလိုနဲ့
ငါဟာ အရက်တစ်ပုလင်း ဖြစ်သွားတယ်
ငါ့ကို ဘယ်သူက ဝင်ပလုပ်ကျင်းမလဲဆိုတာကို
… စောင့်နေတယ်… ။ ။

(တာရာမင်းဝေ)

မှတ်ချက်။ ။ Idea မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသည့် ဆရာတာရာမင်းဝေ၏ အထက်ပါ ကဗျာကို အီးမေးလ်မှတဆင့် ပေးပို့လာသူ ကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။

တာရာမင်းဝေ ရဲ့ အမေ့အိမ်

- ဖန်တီးခဲ့တဲ့ လက်ရာများထဲက ကိုယ်တိုင်နှစ်သက်ခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ကို ရွေးချယ်ပေးပါလား။

+ ဒီကဏ္ဍအတွက် “ပိတောက်ပင်ကို အိပ်မက်,မက်တဲ့ကောင်လေး” ဆိုတဲ့ ဝတ္ထုတိုကို ရွေးပေးလိုက်ချင်တယ်။ ၁၉၉၅ ခုနှစ် ၊ ဧပြီလထုတ် “ မြန်မာ့ရုပ်ရှင်” မဂ္ဂဇင်းမှာပါဝင်ခဲ့တဲ့ ဝတ္ထုတိုလေးပါ…။ ဒီဝတ္ထုတိုလေးမှာနာမည်ရင်းရှိပါတယ်…။ ပရိတ်သတ်ကို ဆက်ဆံတဲ့နေရာမှာ… သူ့ နာမည် ဟာ…“ပိတောက်ပင်ကို အိပ်မက်,မက်တဲ့ကောင်လေး” ပါ ။ နာမည်ရင်းကတော့… “ဘယ်လမ်းကို သွားနေမှန်းမသိတဲ့ မြေပုံ” ဖြစ်ပါတယ်။

- အဲဒီဝတ္ထုနဲ့ ကိုယ့်ရဲ့ လက်တွေ့ ဘဝ၊ ခံစားမှုတို့ ပတ်သက်မှုရှိရင် နည်းနည်း ပြောပြပေးပါ။

+ ကျွန်တော်ဟာ အမေ့အိမ်ကခွဲပြီး (၇) နှစ်တာခရီးတစ်ခုကို သွားခဲ့ဘူးပါတယ်…။ဘန်ကောက်ကို Shopping ထွက်တာ မဟုတ်သလို ၊ နိုင်ငံခြားသင်္ဘောလိုက်တာလည်း မဟုတ်ပါဘူး။အဲဒီလို ခရီးတစ်ခု ထွက်ခဲ့တယ်ဆိုပါတော့ …။

အမေ့အိမ်ကို ပြန်အလာ … လမ်းမှာ ခံစားရတာတွေရှိပါတယ် ။ လောကအကြောင်း ၊ ကိုယ့်အကြောင်း ပြန်တွေးမိတာတွေရှိပါတယ်…။ ရင်းနှီးသူတွေသိကြပါတယ် ။ အဲဒီခံစားချက် ၊ အဲဒီ အတွေးအမြင်ကို အနုပညာပစ္စည်းတစ်ခုအဖြစ် ပြန်တည်ဆောက်တာပါပဲ။

- ဒီလိုဖန်တီးဖြစ်ဖို့ ဘယ်လို inspiration ရပါသလဲ။

+ ဒီဝတ္ထုမှာ inspiration မပါ ပါဘူး။ ကိုယ့်ဘ၀မှာ … ကိုယ်ဖြတ်သန်း ဆင်ခြင်မိတဲ့ အနေအထားတစ်ရပ်ကို အနုပညာ တစ်ခုအဖြစ်အန်ထုတ်ပစ်ချင်တယ်။ အဲဒီလိုနဲ့ ဒီဝတ္ထုကိုရေးဖြစ်တယ်။ရေးအောင်လှုံ့ဆော်တဲ့ စိတ်ဘဝ အသိတွေကြောင့်ပါ။ စိတ်ပိုင်းဆိုင်ရာဗိုင်းရပ်စ် (mental virus) လို့ခေါ်တယ် ။ ပညာရပ်ဝေါဟာရ အရ “N’ach” လို့ သုံးတယ်။

- ဒီဝတ္ထုကို တင်ပြရာမှာ ပုံသဏ္ဍာန်ရွေးချယ်မှုနဲ့ ပတ်သက်လို့ အခက်အခဲရှိပါသလား။

+ ဒီလက်ရာကို ပရိတ်သတ်သိအောင်တင်ပြရာမှာ အခက်အခဲရှိသလားဆိုတော့ … ရှိတယ်။
ခက်တယ်။ အဲလို အမေ့အိမ်ပြန်တဲ့အကြောင်း ကဗျာတွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေများလှပြီ။
အများစုကတော့. . . အောင်မြင်မှုအတွက် ဂုဏ်ယူပြီးပြန်တာတို့၊ ဆုံးရှုံးမှုအတွက် နာကျင်ကြေကွဲပြီး ပြန်တာတို့
. . . အဲဒါတွေပေါ့…။ ဒါပေမဲ့ ကိုယ်ပြောချင်တာအဲဒါမျိုး မဟုတ်ဘူး။ ဒီအချက်အရေးကြီးတယ်။ ကျွန်တော့ဘဝမှာ
အမေ့အိမ်ကနေ အမေ့အိမ် ကနေ တနေရာကို ထွက်သွားတာ၊ ပြီး…ပြန်လာတာ များလှပြီ။ သိပ္ပံ အမြင်အရ ပြောရရင် တော့ အရွေ့“သုည” ပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီနေရာမှာ လည်ပတ်နေရတဲ့ ကျွန်တော့်ဘဝရဲ့
သံသရာစက်ဝိုင်း အငယ်စားလေးတွေနဲ့ ပတ်သက်ပြီး တင်ပြချင်တာ။ အဲဒီလို စက်ဝိုင်းကလေးတွေ အများကြီးကို
… ကျွန်တော် လည်ပတ်ခဲ့ပြီးပြီ။ ဒါပေမဲ့…ဘာကို ဘဟိုပြုပြီး လည်ပတ်တာလဲ…။ ဒီစက်ဝိုင်းတွေ ဘယ်ကစတာ
လဲ…။ အဲဒါကို ကျွန်တော်က ကျွန်တော်နဲ့အတူ ပရိသတ်ကိုလည်း ခံစားကြည့်စေချင်တယ်။ အဲဒီတော့ ပြောရခက်တယ်။ ရအောင်ပြောမယ်ဆိုပြီး ပြောခဲ့တာပါပဲ…။

- ဒီဝတ္ထုမှာ အကြောင်းအရာနဲ့ ပုံသဏ္ဍန် ဘယ်လို တွဲဖက်ဖြစ်ခဲ့ပါသလဲ။

+ ဒီဝတ္ထုကို တင်ပြရာမှာ အကြောင်းအရာနဲ့ ပုံသဏ္ဍန်ဆိုပြီး တွဲစပ်ခဲ့တာ မဟုတ်ဘူးဗျ…။ ‘Form and Content’
ဆိုတာကို ကျွန်တော်က ပယ်ထားတယ်။ ‘Material and Structure’ဆိုတဲ့ အတွဲအစပ်ကိုပဲ ကျွန်တော်သုံးတယ်။
စကားလုံးတွေကို ‘Material’ အဖြစ် အသုံးချပြီး၊ဒီဝထ္ထုရဲ့ ‘Structure’ ကိုတည်ဆောက်တယ်။ ဒါမျိုးပေါ့။ “ဂယက်” ပြောင်းပြန်ထတဲ့ နည်းကို သုံးခဲ့တယ်။ ဇတ်ကောင်ရဲ့ ဘဝနဲ့ သက်တမ်းကို…ကျယ်ရာကနေ…အချိုးကျ ကျုံ့ဝင်သွားစေတဲ့ နည်းပေါ့။(အဲလို တည်ဆောက်မှုကို post-modernist တွေကတော့ Recursive Structureလို့ သုံးကြတယ်။) ပြီး …အဲဒီအလွှာတွေကို ထပ်ပစ်တယ်။ (အဲဒါမျိုးကို post-modernist တွေက ‘strang loop” လို့ သုံးတာမျိုး တွေ့ဖူးတယ်) ပြီးတစ်လွှာကနေတစ်လွှာ ထိတွေ့ဆက်ဆံမှုလုပ်ပစ်တယ်။(အဲဒါမျိုးကို post-modernist တွေက ‘Flickering’ လို့ သုံးတာမျိုး တွေ့ဖူးတယ်။)

- ဒါဆိုရင် ပုံဖော်တဲ့နေရာမှာ ကြားခဲပစ္စည်းတွေ ဘယ်လိုသုံးခဲ့ပါသလဲ။

+ ဝတ္ထုဆိုတော့လည်းဗျာ စကားလုံးကြားခံပစ္စည်း ‘verbal Medium’ နဲ့ ပုံဖော်ရတာပေါ့။ ဒါပေမဲ့ ဒီဝတ္ထုမျိုးက စကားလုံး ကိုသိပ်အားထားလို့ မရဘူး ‘Concept’ ကိုပံအားထားရတယ်။ ကိုယ်က “ဂယက်ပြောင်းပြန်ထည့်နည်း”
ကို သုံးပြီး ရေးခဲ့ပေမဲ့ ဖတ်သူက “ဂယက်အစဉ်ရိုက်ခတ်နည်း” အတိုင်းပဲ ဖတ်ရတယ်။ ဒီဝတ္ထုထဲမှာ စက်ဝိုင်း
ကျုံ့ ကျုံ့ သွားပြီးနောက်ဆုံး ငယ်ဘဝမှာ… “ဝလုံးကို ဘယ်က စဖတ်ရမလဲ မသိတာ” ကို ရေးပြထားတယ်။
အဲဒါဟာ ဒီဝတ္ထုရဲ့ အနှစ်ချုပ် Concept ပဲ။ ဝလုံးကို ရေးတာဟာ စက်ဝိုင်းကို ဆွဲတာနဲ့ မတူဘူး။ စက်ဝိုင်းက ဗဟို
ချက်ရှိတယ်။ ဝလုံးဗဟိုချက် မရှိဘူး။ လည်ပတ်နေရမဲ့ ဗဟိုချက် မရှိသလို ဖြစ်နေတဲ့ ကျွန်တော့်ဘဝကို ပြောချင်တာ…။ ပြီး အဲဒီလည်ပတ်မှုက ဘယ်က စမှန်းမသိတာကို ပြောချင်တာ။

ဝတ္ထုရဲ့ အဲဒီအချက်ကလေးကို . . . KRA လို့ ခေါ်တယ်။ “Key Result Area” ပေါ့လေ။ သော့ခက်ကျတဲ့ အပိုင်းပေါ့။ post-modernist တွေမှာလည်း အဲလို နည်းစနစ်မျိုး ရှိတယ်…။
“Mese-en abyme” လို့ခေါ်တယ်။ တခြားဆက်ပြောရင်တော့ ပြောစရာတွေ အများကြီးရှိမယ်။
ဒါပေမယ့် ဒီလောက်ပဲ ပြောချင်တယ်ဗျာ။

- ဒီလက်ရာနဲ့ ပတ်သက်လို့ ပရိတ်သတ်ရဲ့ တုန့်ပြန်မှု ဘယ်လိုရှိပါသလဲ။

+ ဒီဝတ္ထုလေးရဲ့ ပျံ့နှံ့မှုက ဘယ်လောက်မှ မရှိဘူး။ ထည့်ပေးတဲ့ မဂ္ဂဇင်းက စောင်ရေ မများဘူး။ပြီး…
ဧပြီလထုတ် မဂ္ဂဇင်းဆိုတော့ သင်္ကြန်အဖွဲ့ အနွဲ့စာမူတွေနဲ့ ရောပြီး ပါသွားရတာ။ သူတောင် အူကြောင်ကြောင်
ဖြစ်သေး။ အလေးထားပြီး ဖြတ်မိတဲ့သူ နည်းတယ်။ အကြိုက်တွေ့ခြင်း မတွေ့ခြင်းက အဓိက မကျဘူး …
အတော်လေးတော့ စိတ်ဝင်တစားရှိကြတယ်။

- အခုအချိန် ဒီလက်ရာကို ပြန်သုံးကြည့်မယ်ဆိုရင်ကော။

+ ကျေနပ်ပါတယ်။
ဒီဝတ္ထုအကြောင်းလေး..အထက်မှာကျွန်တော်ပြောခဲ့တာတွေက… ပညာရပ် ဝေါဟာ၇တွေပါသွားတယ်။
ဝတ္ထုတိုတွေ ကျွန်တော်ရေးတဲ့ နေရာမှာ တချို့ကိုလည်း သီအိုရီ သဘောအရ စမ်းသပ်ရေးတာတွေရှိတယ်။
စိတ်ကြိုက်တွေ့မှ ကိုယ်နဲ့ လိုက်ဖက်တယ်ထင်မှပေါ့။ အများစုကိုတော့ ကိုယ့်ဘာသာ လွပ်လွပ်လပ်လပ် ရေးတယ်။ ဘယ်သီအို၇ီ၊ ဘယ်ဝါဒ ဘယ်နည်းစနစ်ကိုမှ ဂရုမစိုက်ဘူး။ ခု… ဝတ္ထုတိုလေးက ဒုတိယ အမျိုးအစားထဲမှာပါ, ပါ တယ်။

- တခြားပြောချင်တာများ ရှိသေးရင်…။

+ အခု…ရှင်းလင်းချက်မှာ post-modern နည်းဗျူဟာတချို့ အခြားပညာရပ်ဝေါဟာရ တချို့ကို … နီးစပ်ရာ
ဆွဲယူရှင်းလင်းခဲ့တယ်။ အဲဒါကြောင့် အခုမှ အနုပညာစ,ဖန်တီးမယ့် ညီငယ်၊ညီမငယ်တွေကိုတော့ တွန့်
မသွားစေချင်ဘူး။ သူတို့ကို လည်း လွပ်လွပ်လပ်လပ် ဖန်တီးစေချင်တယ်။ အနုပညာကို ချစ်ဖို့၊ ခံစားတတ်ဖို့
အနုပညာနဲ့အတူ အသက်ရှင်တတ်ဖို့ အဓိကပါပဲ…။

မှတ်ချက်။ ။ Beauty မဂ္ဂဇင်း၏ “သူနှင့် သူ့အနုပညာ” ကဏ္ဍတွင် ဖော်ပြခဲ့ဖူးသည့် ဆရာတာရာမင်းဝေ၏ အထက်ပါ အင်တာဗျူးကို အီးမေးလ်မှတဆင့် ပေးပို့လာသူ ကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။

ပိတောက်ပင်ကို အိပ်မက်မက်တဲ့ ကောင်လေး

(၁)

လင်းရှပြာရီသော မီးတောက်မီးလျှံများက ပင်လယ်လှိုင်းလုံးကြီးတွေလို ခုံးဝုန်းထကာ၊သူ့ကို ဒေါသမာန်ဟုန်းဟုန်းဖြင့် စိုက်ကြည့် နေကြသည်။

မီးမှော်ဆရာထံ “ခေါစာ” ပစါကျွေးခံရရာမှ လူးထ ပြန်ပြေးခဲ့ရသော သားကောင်ပမာ သူ့ကိုယ်ပေါ်မှာ မီးခိုးမှိုင်းမျှင်များက ရစ်ခွေလိမ်ပတ်လျက်။

နောက်သို့ တစ်လှမ်းချင်း ပြန်ဆုတ်နေရင်းက ကြေကွဲစွာ ပြုံးဖြစ်သည်။ လူမိုက်ဆန်စွာ တိုးဝင်ပစ်ရဲသော်လည်း လူသားဆန်စွာပင် သူခြေကုပ်မမြဲတော့။ အလဲလဲ အပြိုပြို ဆံပင်တွေကို သပ်တင်လိုက်၏။ သူ့သက်ပြင်း က မီးတောက်လက်တံကို ပို၍ လင်းသွားစေသည်။

ထို့ကြောင့် …

သူနောက်သို့ တစ်လှမ်းချင်း ဆုတ်နေဆဲ၊ အိပ်မက်၊ မျှော်လင့်ချက်၊ ရွှေရောင် အနာဂတ်လမ်းကလေး အားလုံးကို သူစတေးခဲ့ရသည်။

“………………”

ထိုသို့ဖြင့် လာရာလမ်းကိုပဲ သူ လှည့်ပြန်ခဲ့သည်။

(၂)
ငယ်ငယ်ကလိုပင် လမ်းပေါ်မှ ကျောက်ဆောင် ကျောက်ခဲများကို မိုးကောင်းကင်ဆီ တုပနိုင်သည့် မြေပြင်၏ မာကျောသော တိမ်ပွင့်တိမ်စများဟု သူထင်မြင်မိနေဆဲပဲဖြစ်၏။ အိမ်အပြန်လမ်းကို ခေါင်းငုံ့၍ လျှောက်လှမ်းလာခိုက် လမ်းဘေးတစ်နေရာမှာ “ညီညီ့” ကို ဆုံတွေ့လိုက်ရခြင်းဖြစ်လေသည်။

ညီညီက အသက်နှစ်ဆယ် ရှိနေပြီ။ ကြမ်းလွှသော အညိုရောင် ဝတ်စုံကို ဝတ်ဆင်လျှက် လက်ထဲမှာ စာအုပ်တစ်အုပ် ကိုင်ထားရင်း သူ့ကို ပြုံးရယ်ပြလေသည်။

“ကျွန်တော် စာဖတ်နေတာ…”

“ဒီစာအုပ်ကိုဖတ်ဖူးလား”

ညီညီထောင်ပြသော စာအုပ်ကို တစ်ချက်လှမ်းကြည့်ရင်း၊ သူခေါင်းညိမ့်ပြလိုက်သည်။“မာတင်ဘုရှ်” တည်းဖြတ်သော မြောက်အမေရိကန် ကဗျာစာအုပ် တစ်အုပ်ဖြစ်၏။ သူခေါင်းညိတ်ပြသည်ကို မြင်သောအခါ ညီညီက ပို၍ လင်းမြပြုံးရယ်လာပြီး …

“အဲဒါဆို … ကျွန်တော် ဆွေးနွေးချင်တာလေး နည်းနည်း ရှိတယ်ဗျာ…”

“ဘာလဲ …”

“ဒီစာအုပ်ထဲမှာ နိမိတ်ပုံနဲ့ သင်္ကေတကို ခွဲပြထားတယ် …”

“အင်း…”

“ဥပမာ… ယေရှုခရစ်ကို နိမိတ်ပုံနဲ့ ရေးပြရင် ဂျုံခင်းတွေကိုယူလာတဲ့ ဝတ်ရုံဖြူနဲ့ လူလို့ ရေးပြတာမျိုး”

“အင်း…”

“ဒါပေမဲ့ ယေရှုခရစ်ကိုပဲ သင်္ကေတ နဲ့ပြတော့ လက်ဝါးကပ်တိုင် ပြလိုက်တယ်…”

“အင်း… အဲဒါဘာဖြစ်လို့လဲ…”

ညီညီ့ မျက်လုံးများက စိတ်ဝင်စားမှု တို့ဖြင့်အရောင် လက်ဖြာနေသည်။

“အဲဒီမှာ ကျွန်တော်တွေးမိတာ လေး တစ်ချက်ရှိလာတယ်… ဒီလိုလေ…”

သို့သော်

ညီညီ့စကားကို ဆုံးအောင် သူနားမထောင်လိုက်ရပါ။ လေကြမ်းတို့ လွင်ဖြူးတိုးဝှေ့လာ၏။ အစိမ်းရွက်တွေ ဖျတ်ဖျတ် လူးခါနေသော ပိတောက်ပင်ကြီးတစ်ပင်ကို မြင်ယောင်လွမ်းဆွတ်လိုက်မိ၏။ တိုးသဲ့သော်လည်း တုံခါကျစ်လျစ်နေသည့် ရထားဥသြဆွဲသံကို ကြားလိုက်ပြန်သည်။

ညီညီ့ကို ထားခဲ့ကာ သူဆက်လက်ထွက်ခွာ လာခဲ့၏။

(၃)
လေထဲမှာ တစုံတရာက တိုးဆွတ်ပါဝင်နေသည်လား။ သူ့မှာ အသက်ရှုရတာပင် မူးမိုက်လာသည်။တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း လျှော့ချလိုက်၏။

အမြင်ကို ကြည်လင်အောင် ကြည့်သည်။ ထိုမှာပင် လှေခါးထစ် တစ်ခုပေါ်မှာ ထိုင်နေသော ညီညီ့ကို သူတွေ့လိုက်ရသည်။

ညီညီက အသက်ဆယ့်သုံးနှစ် ရှိနေပါပြီ။ အပြာရောင်အဝတ်အစားတို့ကို မသေမသပ် ဝတ်ဆင်ထားပြီး အဝေးသို့ ငေးကြည့်နေသည်။

သူက ရှေ့မှာ သွားရပ်လိုက်တော့မှ ညီညီမြင်သည်။ သူ့ကို ပြုံးလွင်စွာ စကားဆိုရန် ညီညီ့နှုတ်ခမ်းတို့ အဟမှာပဲ သူကဦးအောင်ပြောလိုက်၏။

“ဘာတွေစဉ်းစားနေတာလဲ”

ညီညီက ချက်ချင်းပြန်မဖြေသေးပဲ ဖုန်အလူလူးပေကျံနေသော သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်၏။ ထို့နောက်မှ

“မနေ့က ကျွန်တော်ကြားလိုက်ရတဲ့ စကားပုံတစ်ခုရှိပါတယ်။ အတွေ့အကြုံဟာ သိပ်ကောင်းတဲ့ ကျောင်းတော် ပဲတဲ့.. အဲဒါ ဟုတ်လားဟင်”

သူ … ပြန်မဖြေဖြစ်သေး ညီညီက သူ့မျက်နှာကို နွေးနွေးထွေးထွေး ငေးကြည့်နေ၏။ သူက သက်ပြင်း တစ်ချက်ကို ငုံ့ဝှက်ကာချလိုက်ရင်း … ။

“ဟုတ်တယ်”

ညီညီသဘောကျသွားပုံရသည်။ သူကတစ်ဆက်တည်းထပ်ပြောလိုက်၏။

“ဒါပေမယ့် စကားပုံမဟုတ်ဘူး၊ လူတစ်ယောက်ပြောသွားတဲ့ စကားပဲ၊ စကားက ဒီလာက်နဲ့လည်း မပြည့်စုံသေးဘူး နောက်မှာကျန်သေးတယ်”

“ဟင်… ဘာကျန်သေးတာလဲ…”

သူက အဓိပ္ပာယ် ခန့်မှန်းရခက်သည့် အပြုံးတစ်ချက်ကို ပြုံးလိုက်မိရင်း …

“အတွေ့အကြုံဟာ သိပ်ကောင်းတဲ့ ကျောင်းတော်ပဲ။ ဒါပေမဲ့ သင်တန်းကြေး ကြီးလွန်းတယ်တဲ့”

‘ညီညီ’ က ဘာမှ ပြန်မပြောတော့ပဲ တွေငိုင်သွားသည်။ ထိုအချိန်မှာပင် လေစီထဲမှာ လွင့်မျောပါလာ သည့်ပိတောက်ရနံ့ သန့်ခနဲ သူရှူရှိက်လိုက်ရသည်။ လူများ၊ ခွေးလေခွေလွင့်များ၊ လမ်းလျှောက်နေသော ခြေထောက်များ၊ မော်တော်ကားများ၊ ရပ်ကျန်ခဲ့သော စည်းရိုးမှတ်တိုင်များ၊ ဆူညံသော အသံဗလံများနှင့်အတူ သူနှင့် ညီညီ လူချင်းကွဲသွားလေသည်။

(၄)
သစ်ကိုင်း၊သစ်ရိုင်းကလေးများ ယိုင်ကျဲပေါက်ရောက်နေရာ လမ်းကလေးထဲသို့ သူလျှောက်သွားသော အခါ ပုစဉ်းရင်ကွဲ တစ်ကောင်က အချိန်အခါမဟုတ် စူးစူးဝါးဝါး ထအော်၏။

လမ်းကလေးသည် တိတ်ဆိတ်၏ ။ ပိတောက်ရွက်ကြွေတို့က လမ်းနံဘေးတစ်လျှောက်မှာ ပါးပါးလျလျ ဝပ်စင်းနေကြ၏။ လမ်းကလေးအဆုံး၌ အဖြူရောင် ရှပ်အင်္ကျီကလေးနှင့် ရှင်းသန့်စင်ကျယ်နေသော ညီညီ့ကို တစ်ကိုယ်တည်း ဆော့ကစားလျက် တွေ့ရ၏။

ညီညီက မြေပေါ်မှာစက်ဝိုင်းလေးတစ်ခုကို တုတ်နှင့်ရေးဆွဲနေရမှ သူ့ကို မော့ကြည့်၏ ။ သူကပြုံးရယ်ပြ ရင်း… ငုံ့ကိုင်းနှုတ်ဆက်လိုက်၏ ။

“ညီညီ ကစားနေတာလား…”

ညီညီက ခြောက်နှစ်သားရှိပြီ ဖြစ်၏။ ကျောင်းမှာ စာသင်ခါစ အရွယ်ပင် ရှိဦးမည်။ သူ့ကို မျက်တောင်များ တဖျတ်ဖျတ် ပုတ်ခတ်ကာ မော့ကြည့်ရင်း …

“စာဖတ်တတ်ထားဟင်…”

သူက ခေါင်းမညိတ်၊ ခေါင်းမခါ။

“ဘယ်နှတန်းရောက်ပြီလဲ …”

သူရယ်မောမိလိုက်၏။ သူ့ရယ်သံက အတန်ငယ်ရှည်လျားသွားသဖြင့် ညီညီက ဆုံးအောင်မစောင့်နိုင်ဘဲ ထပ်မေးသည်။

“ဘယ်နှတန်းရောက်ပြီလဲ ဟင်…ဟိုး ဆယ့်လေးငါးတန်း အထိလား…”

“အင်း … ဟုတ်တယ်…”

ညီညီက လက်ညိုးလေးထောင်ပြီး ဆက်မေးသည်။

“ဘွဲ့ကြီးရလား…”

“ဘွဲ့တော့မရလိုက်ပါဘူးကွာ… ဘာဖြစ်လို့လဲ ညီညီဘာပြောချင်လို့လဲ…”

သူက ထိုသို့စကား ထောက်လိုက်မှ ညီညီက သူ့မူလကိစ္စကို ပြန်သတိရသွားသလို …

“ဒီမှာကြည့်…”

လက်ထဲမှာ ကိုင်ထားသော တုတ်နှင့် မြေပြင်ပေါ်မှာသူရေးဆွဲထားသော စက်ဝိုင်းကို ညွှန်ပြကာ

“ဝ…လုံး…”

“သြော်…ဒါ ဝလုံးဆွဲတာလား…”

“ဟုတ်တယ်…ဝလုံး…”

“ညီညီ့ ဝလုံက ဝိုင်းသားပဲ အကြီးကြီး…”

“အဲဒါမေးမလို့”

ညီညီ့စကားကြောင့် နှာခေါင်းကို လင်နှင့် ပွတ်သပ်က ပြုံးယောင်ယောင်ဖြစ်မိရင်း…

“ဘာမေးမှာလဲ ညီညီရဲ့ …”

“ဝလုံးကို ဘယ်က စဖတ်ရလဲ”

“ဟင်…”

“ဝလုံးကို ဘယ်ကစဖတ်ရလဲလို့”

ဝလုံးကို ဘယ်က စဖတ်ရမလဲ..သူကြောင်အ နေစဉ် လေတစ်ချက် တဝှေ့ဝှ့ သက်၏။ ပိတောက်ရွက် ကြွေများ မြေပေါ်မှာ ဖွာဆန်ကြဲသွားသည်။

“ဟင် … မသိဘူးလားလို့…”

သူဘာမှ ပြန်မဖြေဖြစ်။ ညီညီက အလို မကျသလို ခြေဆောင့်ကာ-

“ဒါလေးတောင်မသိဘူးတဲ့ ကျောင်းကြီးလည်း တက်လာသေးတယ်။ အမေ့ကိုပဲ မေးတော့မယ်”

ထို့နောက် ညီညီက နောက်ဘက်ခြံဝင်းလေးထဲ သို့ မျက်နှာမူလိုက်၏ ။

“အမေ…”

“……….”

“အမေကြီးရေ”

“……….”

“မေ… မေမေ…”

(၅)
အိမ်ကလေး၏ တံခါးဝဆီမှ အသံထွက်လာ၏။

“သားငယ်လား ..”

ထို့နောက် အပြင်သို့ တစ်ဦးထွက်လာကာ

“ဟဲ့ … သားငယ်”
ကပျာကယာ သူ့အနီးသို့ ချဉ်းကပ်ရောက်လာပြီး သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်၏။ ကြည်နူးဝမ်းသာသော အသံဖြင့် …

“သားသား ညီညီ တစ်ယောက်ထဲလား … ဘယ်သူမှ မပါဘူးလား … ရထားတောင်ဆိုက်သွားပြီကိုး၊ သားက ကြိုအကြောင်းမကြားဘူးကွယ်။ အမေတောင် ညက သားကို သတိရနေတာ။

ထို့နောက် အိမ်ရှေ့လမ်းပေါ်မှာ ရထားလက်မှတ်ကလေးကိုင်ပြီး ရပ်နေဆဲဖြစ်သည့်သူ့ကို ခြံထဲဆွဲခေါ်၏။

“လာ … လာ … အထဲဝင်လေ… ဈေးထဲကလူတွေကတောင် မနေ့ကပဲ ညီညီ့ကို သတိရလိုက်တာလို့ ပြောနေကြသေး တယ်၊ သားရဲ့။

သူ လိုက်ဝင်၏ ။ အမေ့အိမ်သည် ငြိမ်းအေးတည်ကြည်လျက်ပင် ၇ှိသည်။ အမေ သူ့ခရီးဆောင်အိတ်ကို တနေရာ သို့ယူသွား၏။ သူ့ရင်ခွင်သည် ကြည်လင်လန်းဆန်းလာ၏။

“အမေ …”

“ဟေ … ဟား”

အမေ့အသံက နောက်ခန်းထဲမှ ထွက်လာခြင်းဖြစ်၏။ သူ့ကြောင့် အမေ အလုပ်ရှုပ်သွားပြီး ပျော်လည်း ပျော်နေသည်။

“သားငယ် … ဘာတုန်း …”

“သားတို့ ပိတောက်ပင်ကြီး ပွင့်ပြီလား”

“ဟဲ့ ဘယ်ပွင့်ဦးမလဲ သားရဲ့ ဒါပေမဲ့ အဖူးတွေကတော့ ဝေလို့ပဲသားရေ .. ပွင့်တာကတော့ ပွင့်တော့မယ်။နှစ်လည်း မကူးသေးဘူး။ သား သင်္ကြန်အမီ ပြန်ရောက်လာတာ အတော်ပဲ၊ နှစ်သစ်ကျရင် အမေနဲ့ သားနဲ့ ……………………………………………………………………… ”


အမေဆက်ပြောနေသည်များကို သူ မကြားတော့ပေ။ အိမ်ရှေ့ ကွပ်ပစ်မှာ လှဲလျောင်းရင်း မျက်လုံးအစုံကို မှိတ်လိုက်၏။ ကြေကွဲခဲ့ရသည်တို့ ကိုလည်း ပျယ်လွင့်မှုန်ဝါး၊ နာကျင်ခဲ့ရသည်များကို မေ့လျော့သွားသည်။

ထို့နောက် … ငြိမ်းချမ်းနှစ်ခြိုက်စွာ သူအိပ်ပျော်သွား၏။ သူ့အိပ်မက်ထဲမှာ ပိတောက်တွေ တစ်ပင်လုံး ဝေနေအောင် ပွင့်နေလေသည်။

(တာရာမင်းဝေ)


မှတ်ချက်။ ။ ဆရာတာရာမင်းဝေ၏ အထက်ပါ ၀တ္ထုတိုကို အီးမေးလ်မှတဆင့် ပေးပို့လာသူကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။

ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လက်

(၁)
စမ်းရေပေါ်မှာတင်ပြီး စက္ကူလှေတို့ကို
နေ့စဉ်ရက်ဆက် ကျွန်တော်မျှောခဲ့ပါသည်။
ကျွန်တော့်အမည်နှင့် ကျွန်တော်ကျေးရွာကိုလည်း
စက္ကူလှေပေါ်မှာ စာလုံးနက်နက်ဖြင့် ရေးခဲ့သည်။
တစ်ကျွန်းသား၊ တစ်ပြည်သားတို့သည်
ထိုသို့ဖြင့်
ကျွန်တော့်ကို သိလာကြလိမ့်မည်ဟု မျှော်လင့်၏။
ခြံမှာပွင့်သည် ဆိတ်ဖလူးပန်းတို့ကိုလည်း
လှေငယ်ပေါ်မှာဆင့်တင် မျှောလွှတ်ခဲ့၏။
အရုဏ်ဦးမှာပွင့်သော ထိုပန်းတို့သည်
ညဥ့်အချိန်မှာတော့ ကမ်းကို ဆိုက်ရောက်လိမ့်မည်ဟု
ကျွန်တော်ထင်သည်။
ကောင်းကင်သို့ ဦးမော့ကြည့်သောအခါ
ဖြူဆွတ် ရွေ့မျောနေသော တိမ်ရွက်များကို
ကျွန်တော်မြင်၏။
ကျွန်တော်နှင့်ပြိုင်ရန် ကျွန်တော့် စက္ကူလှေများနှင့်ပြိုင်ရန်
ကစားဖော်တစ်ဦးဦးက
သူတို့ကို လွှတ်တင်လိုက်ခြင်းဖြစ်မည်။
မည်သူမှန်းတော့ ကျွန်တော်မသိချေ။
သန်းခေါင်ယံ၏ ကြယ်ရောင်ပျပျအောက်မှာ
ကျွန်တော့်လှေတို့သည် လွင့်မျှောလှပနေလိမ့်မည်။
ထိုသို့ပင် အတွေးနှင့် အိပ်ယာဝင်ဖြစ်သည်။
အိပ်မွေ့ချတတ်သော နတ်သမီးကလည်း
အိပ်မက်ခြင်းတောင်းကြီးများကို ပိုးကာ
ကျွန်တော့်လှေများနှင့်အတူ
ရွက်လွှင့်နေဦးမည်ဖြစ်သည်။

(၂)
ကျွန်တော်နှင့် တရွေ့ရွေ့နီးကပ်ရာသို့
မည်သည့်အချိန်မှ စတင်ပြီး သူ လာခဲ့ပါသနည်း။
ကျွန်တော် မသိခဲ့ချေ။
နေ၀န်းနှင့် ကြယ်ရှုးကြယ်ပျောက်များကလည်း
သူ့ကို ကျွန်တော်မမြင်အောင် သိုဝှက်နိုင်ခြင်းမရှိခဲ့။
နံနက်ဦးပေါင်းများစွာ၊ ညနေရီပေါင်းများစွာ
သူ့ခြေသံကို ကျွန်တော်ကြားနေရသည်။
ကျွန်တော့် နှလုံးအိမ်ထဲသို့
သူ့စေတမန် ၀င်ရောက်လာ၏။
ထို့နောက် ကျွန်တော့်ကို
တိတ်တိတ်ကလေး ခေါ်လေသည်။
ထိုသောနေ့မှာမှ အဘယ့်ကြောင့်
ကျွန်တော့်ဘ၀သည်
လှုပ်လှုပ်ယိမ်းယိမ်း ဖြစ်ရပါသနည်း။
ပျော်ပျော်လွင့်လွင့် တုန်ရီခံစားမှုတို့ကလည်း
အဘယ့်ကြောင့် ကျွန်တော့်နှလုံးအိမ်ကို
ဖြတ်ဖောက် စီးဆင်းသွားပါသနည်း။
ကျွန်တော်မသိချေ။
အိမ်ပြန်ရမည့် အချိန်မှာပင်လျှင်
လေမှာစီးပျံ့သော ချစ်သူရနံ့ကို သန့်သန့်ကလေး
ရနေလေတော့၏။

(၃)
သူ့အမွှေးရနံ့နှင့်သူ ရူးသွပ်ပြီး
တောကြီးမျက်မည်းမှာ ပြေးလွှားနေရသည့်
ကတိုးကောင်လို
ကျွန်တော်လည်း ပြေးလွှားနေမိ၏။
ထိုညသည် မေလ ညတစ်ညဖြစ်၏။
ပြေညင်းသော လေကလည်း
တောင်အရပ်မှ စီးဝင်တိုက်ခတ်လာ၏။
ဝေ့လည်ဝဲချာပြီး
ကျွန်တော် လမ်းပျောက်သွားတော့သည်။
ကျွန်တော်သည်
မရနိုင်တာကို ရှာဖွေပြီးသည်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။
ကျွန်တော် တစ်ကိုယ်ရေ နှလုံးသားနိမိတ်ပုံများသည်
မြူးတူးခုန်ပါက်နေကြ၏
စူးလက်ပြိုးဝင်းနေခဲ့၏။
ဖမ်းဆုပ်ကိုင်တွယ်ဖို့ ကျွန်တော် ကြိုးစားသော်လည်း
လွတ်ချော် ထွက်မြောက်သွားခဲ့၏။
မှားသောလမ်းသို့ ခေါ်ပို့သည်။
ကျွန်တော်သည် မရနိုင်တာကို ရှာဖွေပြီးသည့်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။

(၄)
ချစ်သူကသာ ခွင့်ပြုမည်ဆိုလျှင်
ကျွန်တော်တေးသွားကို
ရပ်ထားလိုက်ပါမည်။
ချစ်သူ နှလုံးအိမ်ကို ရုန်းကစေမည်ဆိုလျှင်
ကျွန်တော့်မျက်လုံးများကို
သူ့မျက်နှာမှ အဝေးသို့ ဖယ်ခွာပေးပါမည်။
ကျွန်တော်ရှိနေသည့် အတွက်ကြောင့်
ချစ်သူသည် သွားလမ်းမှာ ပင်ပမ်းရသည်ဆိုလျှင်
ဘေးဘီကို ရောက်သည်အထိ
အခြားလမ်းမှ ကျွန်တော် လျှောက်ပါမည်။
ချစ်သူ ပန်းကုံးသီရန်
အနှောင့်အယှက် ဖြစ်ရသည်ဆိုလျှင်
သူ ပန်းတောမှ ဝေးရာသို့
ကျွန်တော် ယို့ယိမ်းထွက်ခွာပေးပါမည်။
ချစ်သူ ရေပြင်အလျင်ကို
လှိုင်းတို့ဖြင့် တိမ်းမှောက် ပျို့အန်စေသည်ဆိုလျင်
သူ ကမ်းခြေမှ
ကျွန်တော့် လှော်တက်ကို လွှတ်ချလိုက်ပါမည်။

(၅)
မီးအိမ်ကားငြိမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ပြင်းရှစွာတိုက်ခတ်နေသောလေမှ
လူးလွန့်လွတ်မြောက်နိုင်ရန်အတွက် ၀တ်ရုံကိုဖြန့်ပြီး
သူ့အတွက်
ကျွန်တော် ကွယ်ကာ ပေးခဲ့သည်။
ထို့ကြောင့်ပင်လျင်
မီးအိမ်ကားငြိမ်းခဲ့ရ၏။
မုံပန်းကား နွမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ကျွန်တော် နှလုံးအိမ်အတွင်းမှာ
ချစ်မြတ်စွာ သူ့ကို
ဖိကပ် သိမ်းဆည်းထားခဲ့၏။
ထို့ကြောင့်ပင်လျင်
မုံပန်းကား နွမ်းခဲ့သည်။
စမ်းရေကား ခမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
သူ့ရေစီးကြောင်းကို ဖြတ်တောက်ကာ
ကျွန်တော့်အတွက် ရေကာတာ တစ်ခုတည်ဆောက်ခဲ့၏။
ထို့ကြောင့်ပင်လျင်
စမ်းရေကား ခမ်းခဲ့သည်။
စောင်းကြိုးကား ပြတ်ခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ဤစောင်းကား မတတ်မြောက်သော ဂီတကို
ကျွန်တော့်အတွက် ဆွတ်ယူခြွေချခဲ့ပါ၏။
ထို့ကြောင့်ပင်လျင်
စောင်းကြိုးကား ပြတ်ခဲ့သည်။

(၆)
ကျွန်တော် ရွက်လွှင့်ထွက်ခွာရတော့မည်။
ကြေကွဲ လှိုက်မောဘွယ်ရာ ကာလများသည်
ကုန်းမြေပေါ်မှာ ပဲ့ကြွေကျန်ရစ်ခဲ့ပြီ။
နွေဦးရာသီသည် ပန်းတို့ကိုပွင့်အောင်
ဖွင့်ပေးခဲ့သည်။
ယခုကား အနားယူလေပြီ။
ကျွန်တော့်မှာသာ ရင့်ရော်သော ပန်းတစ်ဆုပ်နှင့်
အိမ်မပြန်နိုင် ဖြစ်ရသည်။
လှိုင်းတွေက ညိုးညံရိုက်ဟီးလေပြီ။
ကမ်းပါးကို သွယ်ပတ်ထားသည့်
သစ်ရိပ်ဝေေ၀ လမ်းကလေးတွင်လည်း
ရော်ရွက်တို့ ပြုတ်ကျလာပြီ။
မိတ်ဆွေဘာကြောင့် ငေးငိုင်နေပါသနည်း။
သင့်အကြည့်တို့က ဘယ်ဆီမှာ စိုက်ဝင်နေသနည်း။
ကမ်းတစ်ဖက်ဆီမှမျောလာသောအဝေးတေးသံနှင့်
လေထုမှာ စိုးဆွတ်ပါဝင်လာသည့်ရင်ခုန်သံကို
သင်...
မခံစားရလေသလော...

(၇)
နေ၀င်တော့မည်။
အရိပ်တို့လည်း မြေဆီမှာ ညွတ်တွားကြပြီ။
ချောင်းသို့သွား၍ ခရားတွင် ရေဖြည့်ရန်
ကျွန်တော့်အတွက်တော့ အချိန်တန်ပြီ။
ညနေခင်းလေသည်
ချောင်းရေ ဂီတမှုန်ရီကို ခုံမင်နေ၏။
ကျွန်တော့်ကို
နေ ရွှေခြည်မျှင်ထဲသို့ တိုးဝင်ရန် ခေါ်နေ၏။
တိတ်ဆိတ်သောလမ်းမှာ
လာသူ သွားသူတို့ မရှိကြချေ။
လေထန်၏။
မြစ်ထဲမှာ လှိုင်းတွေ ဝေ့လိပ်ချီကြွနေ၏။
အိမ်သို့ ပြန်နိုင်ပါမည်လော။
မည်သူနှင့် ဆုံတွေ့ခွင့် ရနိုင်မည်ကိုလည်း
ကျွန်တော်မသိ။
ရေတိမ်ဆိပ်မှ လှေငယ်တစ်စင်းပေါ်မှာ
အမည်မသိသူ တစ်ယောက်က
ပုလွေသံကို ပေးနေလေသည်။

(၈)
ဦးညွှတ်ကာ
အားလုံးကို ကျွန်တော်နှုတ်ဆက်ခဲ့ပါသည်။
ညီအစ်ကိုတို့
ကျွန်တော့်အားလည်း မေတ္တာပို့ကြပါလေ။
ဟောဒီမှာ
ကျွန်တော့်ရဲ့ အိမ်သော့ကို ပြန်ပေးခဲ့ပါပြီ။
ပိုင်ဆိုင်ရာအားလုံးကိုလည်း စွန့်ခဲ့ပါပြီ။
ကြင်နာခြင်းနှင့် ပြန်လည်နှုတ်ဆက်ခြင်းကိုသာ
သင်တို့ထံမှ တောင်းဆိုလိုပါသည်။
ကျွန်တော်တို့သည် အိမ်နီးချင်းများအဖြစ်
နှစ်ပေါင်းကြာခဲ့၏။
ကျွန်တော်ကားအပေးထက်၊ အယူများခဲ့သည်။
နံနက်ခင်း အလင်းသည်
ကျွန်တော်ထွန်းသော အမှောင်ထောင့်ချိုးမှ
မီးအိမ်ကို ငြိမ်းစေ၏။
ခေါ်သံကို ကြားရလေပြီ။
ကျွန်တော်သည်လည်း
သွားရန် အသင့်ဖြစ်ချေပြီ။

(၉)
အိုဘုရားသခင်
စိတ်အာရုံအစဉ်တို့၌ စီးဝင်ကာ
လောကကို သင့် ခြေတော်ရင်းမှာ
ထိတွေ့ရပါလို၏။
ကျွန်တော် ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
စီးသွယ်ခြင်းမရှိသော မိုးရိပ်များဖြင့်
နိမ့်ဝပ်တွဲခိုသော ဂျူလိုင်တိမ်တစ်ဆုပ်လို
ကျွန်တော့်စိတ်နှလုံးသည် သင့်တံခါးဝတွင်
တွဲခို ရပါလို၏
ကျွန်တော်ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
ကျွန်တော်
ဂီတရစ်သမ်အထပ်ထပ်ကို
တစ်ခုတည်းအဖြစ်
ရုန်းစုသွယ်ဆက်ကာ တိတ်ဆိတ်သောပင်လယ်မှာ
စီးပျော် ၀င်ရောက်ရပါလို၏။
ကျွန်တော်ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
တောင်ပေါ်မှာ
မိမိ အသိုက်ရှိရာသို့
နေ့ရော ညပါ
ပျံသန်းလိုက်ပါလာသည့် ကြိုးကြာအုပ်နှယ်
ကျွန်တော့်ဘ၀သည်လည်း
နားခိုရာဆီ ခရီးဆက်နိုင်ရပါလို၏
ကျွန်တော် ဦးနှိမ်ချပါ၏။
ကျွန်တော် ... ဦးနှိမ်ချပါ၏။

(ဆရာတာရာမင်းဝေ ရေးတဲ့ “ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လက်” ဆိုတဲ့စာအုပ်လေးထဲက ကဗျာလေးတစ်ပုဒ်ပါ။ အီးမေးလ်ဖြင့်ပေးပို့လာသူ မဝေလင်းကို ကျေးဇူးတင်ရှိပါတယ်။)

ကျွန်တော်တို့ခေတ်ရဲ့ နတ်ဘုရား

သူ့ကို စသိတာ ပြည်မြို့က မြေစိုက် စာအုပ်အငှားဆိုင်ကလေးမှာ ဖြစ်သည်။ ‘ကြယ်သီချင်းနဲ့ လမင်းသံစဉ်’ လုံးချင်းစာအုပ်ကလေးကနေ စသိခဲ့ရခြင်းဖြစ်သည်။ သူ့နာမည်၏ ထူးခြားမှုနှင့် စာအုပ်အပြင်အဆင်က ပထမဆုံး ကျွန်တော့်ကို ဆွဲဆောင်သည်။ နောက်တော့ သူ့စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ကျွန်တော် ဖတ်ဖြစ်လာသည်။ တစ်ခါတစ်လေ ကျွန်တော့်လက်ထဲမှာ သူ့စာအုပ်က တစ်အုပ်မက သုံးလေးအုပ်။ ကျွန်တော်က သူ့စာအုပ်တွေကို စထွက်ထွက်ချင်းကတည်းက ဖတ်မိသူမဟုတ်။ ထို့ကြောင့် ထွက်ပြီးသား မဖတ်ရသေးသော သူ့စာအုပ်တွေကို ရှာဖတ်ရသည်။ အသစ်ထွက်မည့် စာအုပ်များကိုလည်း အငှားဆိုင်ရောက်တိုင်း မေးရပြန်သည်။ ထိုစဉ်က ကျွန်တော့် အသက် ၁၇ နှစ်။ သူသည် ကျွန်တော့်အပေါ် ကာလအတော်ကြာအောင် လွှမ်းမိုးထားခဲ့သည်။ ထိုနှစ်များအတွင်း ကျွန်တော်ပြောသော စကားအများစုတွင် သူ့ဝတ္ထုများနှင့် သူ့ဇာတ်ကောင်တို့၏ အတွေးအခေါ်များက ဘေးလူ အမြင်ကတ်ရလောက်အောင် နေရာယူခဲ့ဖူးသည်။ ထိုအချိန်က ခေတ်ပညာတတ် လူငယ်ထုသည် သူ့ဇာတ်ကောင်များ၏ ထူးခြားသော အယူအဆများနှင့် ကင်းလွတ်သူမရှိ။ အခြားတစ်ဖက်တွင်လည်း သူ့ဝတ္ထုများအပေါ် နားလည်ခြင်း နားမလည်ခြင်း အသံများက ပွက်လောရိုက်နေပြန်သည်။ ဘာပဲဖြစ်ဖြစ် သူသည် စာပေအနုပညာနှင့် ပတ်သက်လာရင်တော့ နတ်ဘုရားငယ်တစ်ဆူ ဖြစ်သည်ဟု ကျွန်တော်ယူဆထားသည်။ `မိုးခေါင်လို့တီးတဲ့ ဗုံသံ´ ကဗျာစာအုပ်ကို ကျွန်တော် သန်လျင်မှာ အေဂျီတီအိုင်တက်နေစဉ် သူငယ်ချင်းမတစ်ယောက်ဆီကနေ ငှားဖတ်ခွင့်ရသည်။ စာအုပ်ဆိုင်တွေမှာ ၀ယ်မရတော့သောကြောင့် ထိုစာအုပ် တစ်အုပ်လုံးကို ကျွန်တော် မိတ္တူကူးယူထားခဲ့သည်။ နောင်နှစ်တွေကြာသောအခါ ထိုစာအုပ် ဒုတိယအကြိမ်ပြန်ထွက်ရာ ကျွန်တော် ထပ်မ၀ယ်ဖြစ်တော့။ သူ့ကဗျာအများစုကို ကျွန်တော်ကြိုက်သည်။ သူ၏ လူသိပ်မသိသော လုံးချင်းအဖြစ် မထုတ်ဖြစ်ခဲ့သော မဂ္ဂဇင်းကဗျာများကိုလည်း ကျွန်တော်ကြိုက်သဖြင့် ကူးယူသိမ်းဆည်းဖြစ်သည်။ ၀တ္ထုဖြစ်စေ ကဗျာဖြစ်စေ သူက ထူးခြားစွဲမက်ဖွယ် ကိုယ်ပိုင်ဟန်ဖြင့် ရေးဖွဲ့နိုင်သည်။ သို့ရာတွင် ရိုးသားမှုကိုတော့ အမြဲတမ်း နောက်ခံထားတာ တွေ့ရတတ်၏။

( ၂၀၀၃ ) ခုနှစ်မှာ သူနှင့်ကျွန်တော် လူချင်းဆုံခွင့်ရသည်။ `ကြယ်ကိုးစင်းနဲ့ လင်းတဲ့ကောင်းကင်´ စာအုပ်ထွက်ရှိပြီးစဉ်က ဖြစ်သည်။ ထိုစာအုပ်တွင် သူနှင့်ကျွန်တော်အပါအ၀င် တခြားစာရေးဆရာ ( ၅ ) ယောက်လည်း ပါဝင်ရေးဖွဲ့ထားကြသည်။ ထိုစဉ်က သူ့အိမ်မှာ မြောက်ဥက္ကလာပ၊ ကျောက်ရေတွင်းမှာ ဖြစ်သည်။ အေးချမ်းတိတ်ဆိတ်သည့် အနီရောင်ဘက် အနည်းငယ်ပါသော နှစ်ထပ်တိုက်ကလေး။ အမှန်က သူနှင့်တွေ့လောက်စရာအကြောင်း ကျွန်တော့်မှာ ဘာမှမရှိ၊ စာအုပ်ထုတ်ဝေသူ စန်းမွန်အောင် ( မြေမှုန်လွင် )နှင့် အဖော်အဖြစ်လိုက်ရင်း သူ့ကို တွေ့ဖူးရုံလောက်သာ။ ကျွန်တော်တို့ရောက်တော့ လတ်တလော ထွက်ရှိပြီးသား သူ၏ လုံးချင်းစာအုပ်ပုံကြီးကြားမှာ ထိုင်ကာ ကျွန်တော်တို့ သူနှင့်စကားပြောကြသည်။ သူနှင့် စန်းမွန်အောင်တို့ ပြောကြတာဆိုလျှင် ပိုမှန်မည်။ ကျွန်တော်က ဘေးမှနေ၍ သူတို့ပြောသမျှ ထိုင်နားထောင်ရုံသက်သက်။ ထိုကတည်းက သူ့ကိုကြည့်ရသည်ကို ကျွန်တော် အားမရ။ သူက ကျွန်တော်မျှော်လင့်ထားသလို ပုံစံမျိုးမဟုတ်။ သူ့ဇာတ်ကောင်တွေလိုမျိုး သူ့ကို ရင်းနှီးကြည့်လို့မရ။ သူက အနေတည်လွန်းသည်။ အပြုံးအရယ် မရှိ။ နိုင်ငံ့လက်ရွေးစင် ဘောလုံးသမား ဖြစ်ချင်သည်ဟု အင်တာဗျူးတစ်ခုမှာ သူပြောဖူးပေမယ့် သူ့မှာ ဘောလုံးသမားလို ကြံ့ခိုင်မှုမျိုး မတွေ့ရ။ ဘယ်တော့မှ မမေ့ပျောက်နိုင်သော ရင်တွင်းဒဏ်ရာတစ်ခု ရထားသူတစ်ယောက်၏ ခံစားချက်မျိုးကိုသာ သူ၏ သာမန်ထက် နည်းနည်းပိုရောင်နေသည့် မျက်နှာပေါ်တွင် တွေ့ရ၏။ တစ်ကြိမ်မှာတော့ သူက စာအုပ်ကို ကိုင်ကြည့်ရင်း စာရေးဆရာနာမည်တွေ ရွတ်သည်။ ကျွန်တော့်နာမည်ရောက်တော့ သူက ထပ်ကျော့ကာ သုံးကြိမ်လောက် ပြန်ရွတ်နေသည်။ ပြီးမှ `လွန်းဆက်နိုးမြတ် ဆိုတာ ဘယ်သူတုန်း´ ဟု စန်းမွန်အောင်ကို လှည့်မေးသည်။ စန်းမွန်အောင်က ကျွန်တော့်ကို ပြမှ သူ ကျွန်တော့်ကို အံ့သြစွာ ကြည့်သည်။ ထိုအချိန်တုန်းက ကျွန်တော့်ကဗျာ မဂ္ဂဇင်းမှာ လေးပုဒ်သာ ဖော်ပြခံရသေးသည်။ ထို့ပြင် အခုချိန်လိုမျိုး ကျွန်တော်နှင့် နာမည်ဆင်တူ စာရေးဆရာများလည်း တစ်ယောက်မှ မရှိသေး။ ဒါက သူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှု။

သည်လိုနှင့် တမေ့လောက်ကြာသောအခါ သူ့ဆီကို စန်းမွန်အောင်နှင့်ပဲ ထပ်ရောက်ဖြစ်ပြန်သည်။ သည်တစ်ခါလည်း သူနှင့်ကျွန်တော် စကားမပြောဖြစ်။ စန်းမွန်အောင်နှင့်သာ အလုပ်အကြောင်း ပြောကြဆိုကြသည်။ သည်ကြားထဲ စန်းမွန်အောင် စီစဉ်ထုတ်ဝေပေးမှုကြောင့် သူနှင့်ကျွန်တော်တွဲကာ စာအုပ်တွေ ထွက်ခဲ့သေးသည်။ တစ်အုပ်က သူရယ် ကျွန်တော်ရယ် ဦးမင်းလူ(မင်းလူ)ရယ် `ကြယ်စုံသစ်ပင်´။ နောက်တစ်အုပ်က သူနှင့်ကျွန်တော်နှစ်ယောက်တည်း `ဆံပင်အလယ်ခွဲနဲ့ နက္ခတ်´။

သူ့အကြောင်းတွေးသည့်အခါ ကိုကျော်စိုး (မင်းခိုက်စိုးစန်)၊ ကိုရဲကြီး (သစ္စာနီ)၊ နေမျိုး၊ ဦးမင်းလူ (မင်းလူ)နှင့် ကိုရဲဝင်း (နီကိုရဲ)ကိုလည်း တွဲပြီး သတိရမိတာ ကျွန်တော့်အကျင့်တစ်ခု ဖြစ်နေသည်။ ထိုစာရေးဆရာများထဲမှ နေမျိုးတစ်ယောက်သာ ကျွန်တော်မဆုံဆည်း မရင်းနှီးမိသော်လည်း ကျန်လူများမှာ ကျွန်တော်နှင့် အနည်းငယ်စီ ရင်းနှီးကြသည်။ စာပေလောကမှာ သူနှင့် ကိုကျော်စိုးက ယှဉ်တွဲ၍ လူသိများသည်။ ငြိမ်းအေးအိမ် ထုတ်ဝေသော အရင်က သရဖူမဂ္ဂဇင်းမှ စတင်ကာ သူတို့နှစ်ယောက်ကို စာပေလောကက ယှဉ်တွဲလိုက်ကြခြင်း ဖြစ်ဟန်တူသည်။ ကိုတင်ကိုအောင်၏ အရင်က ဟန်သစ်မဂ္ဂဇင်းတွင်တော့ သူ့ကို နေမျိုးနှင့် မကြာခဏ ယှဉ်တွဲဖော်ပြခဲ့တာ ကျွန်တော်တွေ့ဖူးသည်။ ထို့ကြောင့် သူ့အကြောင်းတွေးမိရင် နေမျိုး ပါလာတတ်တာဖြစ်မည်။ ကိုရဲကြီးကတော့ တစ်ခါတစ်လေ ကျွန်တော်တို့နှင့် စကားပြောရာတွင် ရွှေဘုန်းက… ရွှေဘုန်းက ဟုဆိုကာ သူ့အကြောင်းတွေ ပြောပြတတ်၏။ ကိုရဲဝင်းသည်လည်း သည်အတိုင်း၊ ဦးမင်းလူလည်း သည်အတိုင်းပင် ဖြစ်သည်။ ရွှေဘုန်းက… ရွှေဘုန်းက နှင့် တဖွဖွပြောကာ သူ့ကို ချစ်ကြခင်ကြသည်။ အမှန်က ထိုပုဂ္ဂိုလ်များတင်မဟုတ် စာပေတစ်လောကလုံးက သူ့ကို လေးစားချင်ခင်ကြ၏။ သူ၏ `ပြိုင်မြင်းတို့၏ ခွာသံ´နှင့် `နတ်ဖုရားရုပ်တု´ စာအုပ်များသည် စာပေလောကအတွက် အဖိုးမဖြတ်နိုင်သော အတွေးအခေါ် ဆောင်းပါးများပဲ ဖြစ်သည်။ သူသည် တချို့စာရေးဆရာ၊ ဝေဖန်ရေးဆရာများနှင့် ၀ါဒရေးရာတိုက်ပွဲများကို မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် ဆင်နွှဲခဲ့ဖူးသည်။ ဒါသည် သူ၏ စာပေလှုပ်ရှားမှု ပုံစံတစ်မျိုးဟုသာ ကျွန်တော် နားလည်ထားသည်။ မှန်သည် မှားသည် ကျွန်တော် မပြောတတ်။ ကျွန်တော် ပြောလိုတာက ထိုကဲ့သို့ သူနှင့် ဆန့်ကျင်ကာ စာပေရေးရာ ပြိုင်ဆိုင်ခဲ့သော စာရေးဆရာ၊ ဝေဖန်ရေးဆရာများသည်လည်း သူ့ကို ဘယ်ခါမှ မမေ့လျော့ဘဲ လေးစားချစ်ခင် သတိရနေကြလိမ့်မည်ဆိုတာပင်။

သူ့ဝတ္ထုတွေထဲမှ ကျွန်တော်အကြိုက်ဆုံးက `အရှေ့မြို့ရိုးမှ မိုးရေစက်များ´ ဖြစ်ပြီး ယခင်ကထက် ကျွန်တော့်ကို အနုပညာအကြောင်း အဆင့်တက် နားလည်စေခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည်။ `ပင်လယ်အတုထဲမှ ကျွန်း´လုံးချင်းစာအုပ်နောက်ပိုင်း သူ့လုံးချင်းစာအုပ်များကို ကျွန်တော် မဖတ်ဖြစ်တော့။ ဟိုအရင် သူ့လက်ရာများလောက် နောက်ပိုင်းစာအုပ်များအပေါ် ကျွန်တော် ရင်မခုန်တော့၍ ဖြစ်သည်။ သို့ရာတွင် ကျွန်တော်တို့နောက်မှ လူငယ်ထုသည် သူ့အနုပညာများကို အုံလိုက်ကျင်းလိုက် တပ်မက်ငြိတွယ်ဆဲပင်။ ကျန်းမာရေးမကောင်းသော်လည်း လုံးချင်းဝတ္ထုနှင့် အခြားစာများကို သူအဆက်မပြတ် ရေးသားနိုင်တာ တွေ့ရသည်။ သူ့ဘ၀၏ နောက်ပိုင်း အချိန်များတွင် ကျန်းမာရေး မကောင်းသောကြောင့်ပဲလား၊ ကျွန်တော်ကပဲ သူ့ဆီက အနုပညာကို လောဘကြီးမိလို့လားမသိ၊ သူ့စာပေလက်ရာတွေက အရင်ကလောက် အနုပညာအား မပါတော့ဟု ထင်မိသည်။ ထိုအထင်က ကျွန်တော်တစ်ယောက်တည်း မဟုတ်မှန်း သူနှင့် ကိုဝေမှူး တွဲထွက်သော `ကြက်ခြေခတ်နှစ်ခု´ စာအုပ် အမှာစာတွင် ကိုရဲကြီးက သူ့အပေါ် မချိတင်ကဲ ကရုဏာဒေါသဖြင့် ရေးသားထားသည်များကို ဖတ်လိုက်ရတော့ ပိုသေချာသွားခဲ့သည်။ သို့ရာတွင် သူ၏ အနုပညာအားနည်းသော ထိုနောက်ပိုင်း လက်ရာတချို့ကိုတောင် ကျွန်တော်အပါအ၀င် ကျွန်တော်တို့မျိုးဆက်မှ လူငယ်စာရေးဆရာများမှာ မှီအောင် ရေးသားနိုင်စွမ်းမရှိကြ။

ထိုသို့ဖြင့် သူနှင့်ကျွန်တော် တတိယအကြိမ် ဆုံကြပြန်သည်။ သည်တစ်ခါတော့ ဟိုအရင်အကြိမ်တွေနှင့် ကွဲပြားသွားသည်။ သူက ကွယ်လွန်ပြီးသူတစ်ယောက်အဖြစ် မှန်ခေါင်းတလားထဲမှနေ၍ ကျွန်တော့်ကို နှုတ်ဆက်သည်။ သူ့ဈာပနသည် နိုင်ငံရေးလောက၊ စာပေ၊ ရုပ်ရှင်နှင့် ဂီတလောကမှ လူများဖြင့် အထူးစည်ကားခဲ့သည်။ သူကွယ်လွန်ပြီးနောက်ပိုင်း သူ့အကြောင်း လူတော်တော်များများက စာတွေရေးကြ၊ ကဗျာတွေ ဖွဲ့ကြသည်။ ထိုကာလက စာနယ်ဇင်းတစ်ခုမှ သူနှင့် စာအုပ် တွဲထုတ်ဖူးသူများကို သူ့အကြောင်း အမှတ်တရရေးသော စာမူများတောင်း၍ အထူးကဏ္ဍအဖြစ် ဖော်ပြကြရာ ကျွန်တော့်ဆီတော့ လာမတောင်းကြ။ မတောင်းတာကပဲ ခပ်ကောင်းကောင်း။ ကျွန်တော်က သူနှင့် စာအုပ်(၃)အုပ် တွဲထုတ်ဖူးသည်မှအပ သူနှင့် ကောင်းစွာ ခင်မင်သူမဟုတ်။ စင်စစ် သူ့ကို ညွှန်းဆိုသော ဘယ်စာမှ ဘယ်ကဗျာမှ သူ့ကိုမမှီ။ သူက တစ်ခေတ်မှာ တစ်ယောက်ဖြစ်လာသော စာပေပါရမီရှင်တစ်ယောက်။ နောင်နှစ်ပေါင်းများစွာတိုင်အောင် သူ့လို ထူးချွန်ထက်မြက်သည့် စာရေးဆရာ တစ်ယောက် ပေါ်ထွက်လာဖို့ မသေချာ။

ယနေ့ သူကွယ်လွန်သည့် (၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကိုယ်ပိုင်ပြင်ပမီဒီယာ တစ်ခုတွင် ဖော်ပြရန် စန်းမွန်အောင်မှ ကျွန်တော့်ဆီ တယ်လီဖုန်းဆက် စာမူ တောင်းလာသည်။ ထိုတယ်လီဖုန်း ၀င်လာစဉ်က `ပိတောက်ပွင့်သစ် မဂ္ဂဇင်း´အတွက် `ပင်လယ်များကို ဖြတ်သန်းခြင်း´ ဆောင်းပါးကို ကျွန်တော် ရေးသားနေချိန်ဖြစ်သည်။ စာပေအရှိန်အ၀ါ ကြီးမားသော မဂ္ဂဇင်းတစ်စောင်မှ တလေးတစား တောင်းဆိုသည့် အတွေ့အကြုံ ဆောင်းပါးဖြစ်သဖြင့် ကျွန်တော့်မှာ အချိန်ယူရေးဖို့လိုသည်။ ထို့အပြင် သူ့(၂)နှစ်ပြည့် အထိမ်းအမှတ်စာမူအတွက် စန်းမွန်အောင်က သန်ဘက်ခါ လိုချင်သည် အမြန်ရေးပေးပါဟု ဆိုလာတော့ ကျွန်တော့်မှာ စဉ်းစားရသည်။ ကျွန်တော်က ကွယ်လွန်ပြီးသော ကျွန်တော် လေးစားလောက်စရာ ပုဂ္ဂိုလ်များအတွက် စကားလုံးများဖြင့် လူမြင်ကောင်းအောင် လွမ်းပြရတာမျိုး စိတ်မ၀င်စား။ ခက်တာက ကျွန်တော့်လို ဘာမဟုတ်သည့်ကောင်နှင့် စာအုပ်တွဲထွက်ခွင့် ပြုခဲ့သော သူ့အတွက် အမှတ်တရတစ်ခုခု ကျွန်တော် လုပ်ပေးချင်နေသည်။ နောက်ဆုံးတော့ `ပင်လယ်များကို ဖြတ်သန်းခြင်း´ကို ခဏရပ်ကာ သူ့အကြောင်း ကျွန်တော်မြင်သည့်အတိုင်း ရေးသားရန် ဆုံးဖြတ်လိုက်သည်။ လက်တွေ့မှာ သူ့အကြောင်း ဗြုန်းစားကြီး ချရေးဖို့ရာကျတော့ ကျွန်တော့်စိတ်က ချက်ချင်းမရဲ။ သို့ရာတွင် တကယ်တမ်း ချရေးလိုက်သောအခါ တော်တော်နှင့် ဖြတ်၍မရချင်။ သူ့အကြောင်းက ကျွန်တော့်ရင်ဘတ်ထဲမှာ နှစ်ကာလများစွာ ရှင်းရှင်းလင်းလင်း နေရာယူပြီးထားသောကြောင့်ပဲလား မဆိုနိုင်။ ယခုတော့ ကျွန်တော့်မှာ သူနှင့်ပတ်သက်သမျှ ကုန်စင်သလောက် ရေးသားမိခြင်းဖြစ်ရာ နောက်နောင် သူ့အကြောင်း ထပ်မံရေးသားနိုင်ရန် မလွယ်ကူတော့။ ထို့အတွက်ကြောင့် လက်ရှိစာမူကို စန်းမွန်အောင်အပြင် အခြား သူ့အမှတ်တရ ထည့်သွင်းချင်သည့် မဂ္ဂဇင်း တစ်စောင်စောင်သို့လည်း ထပ်မံပေးပို့ရန် ကျွန်တော်က ဆုံးဖြတ်မိသည်။ သူ့ကို အသေအချာ လွမ်းဆွတ်နေဦးမည့် သူ့ပရိသတ်တစ်ဦးဦး ဖတ်မိသည်ဆိုရင်ပဲ ကျွန်တော် ရေးရကျိုးနပ်နေပြီ။ သူ ကောင်းရာသုဂတိလားပါစေ ဟုလည်း ကျွန်တော်က လှိုက်လှဲစွာ တပါတည်း ဆန္ဒပြုမိသည်။ `အလင်းရောင် ၀တ်စုံသစ်ဖြင့် လာခဲ့သူသည် သူ့အလင်းတို့ကို ရုတ်သိမ်းလျက် ကမ္ဘာမြေမှ ပြန်လည် ထွက်ခွာလေပြီ´ ဤစာသားမှာ သူ့ဈာပန ချသည့်နေ့က ဖြန့်ဝေသော လက်ကမ်းစာစောင်ပေါ်မှ သူ့အတ္ထုပ္ပတ္တိ အကျဉ်းပင် ဖြစ်လေသည်။



လွန်းဆက်နိုးမြတ်
ည ၀၉:၅၅ နာရီ
၂.၈.၀၉

တ၀က်တပျက်မှတ်တမ်း

“တ၀က်တပျက်မှတ်တမ်း”

ပထမမြောက် ရဲရင့်ခြင်းအဖြစ်
အမေက ငါ့ကို ဆွဲဖွင့်တယ်
ယမမင်းရဲ့ သြ၀ါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ။

ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချပ်တွေ တစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီ တဲ့။

ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့
ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့…..၀ှက်ထားတဲ့ ဗျတ်စောင်းပါပဲ။

သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းခဲ့ဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့သံများ
နက္ခတ်ဦးလို…..ပျံစေသား ။

တာရာမင်းဝေ

Idea , July 2003

မှတ်ချက်။ အထက်ပါ ကဗျာကို ပေးပို့သည့် ဘလော့ဂါ ကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။

နေကြတ်ခြင်း

ကိုတာရာမင်းဝေ ကွယ်လွန်တဲ့ အထိမ်းအမှတ် ကဗျာလေးတစ်ပုဒ် ရေးဖြစ်တယ်။ အသိတစ်ယောက်ကတော့ နင်နဲ့ ဘာဆိုင်လို့ ရေးရတာလဲလို့ မေးပါတယ်။ အခုခေတ်ပေါ် စာပေ ပြောင်းလဲမှုမှာ ကိုတာရာမင်းဝေဟာ အဓိကလူတစ်ယောက်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုတာရာမင်းဝေရဲ့ စာပေလွှမ်းမိုးမှု အများကြီးကို ခံခဲ့ရတာပါ။ စာလုံးအနုအရွလေးတွေကို ခေတ်ပေါ်ကဗျာတွေထဲ ထည့်တဲ့နေရာမှာ ကိုတာရာမင်းဝေကို ဘယ်သူမှ မမှီဘူးလို့ ထင်မိတယ်။ ဒါကြောင့် ဒီကဗျာလေးကို ၂ ရက်တိတိ သေသေချာချာ စကားလုံးရွေးချယ် မုဒ်အပြည့်သွင်းပြီး အမှတ်တရ ရေးခဲ့ပါတယ်။ (စကားမစပ် သူကွယ်လွန်သွားတာကို နေကြတ်တာနဲ့ နှိုင်းယှဉ်ပြီး ရေးရလားလို့တော့ ပေါက်တတ်ကရတွေ မဝေဖန်ကြပါနဲ့ ခင်ဗျာ)


“နေကြတ်ခြင်း”


မျက်လှည့်ဆရာ ပါးစပ်ထဲ မြိုချလိုက်သလိုမျိုး
မီးတောက်ဟာ ရုတ်တရက် ကွယ်ပျောက်သွား
ဖူးပွင့်တော့မယ့် ပန်းကလေးတစ်ပွင့်တောင်
ထိတ်ခနဲ လန့်ဖြန့်ပြီး ပြန်ငုံသွားရရှာတယ်
နေကြတ်ပြီမေမေ
စကြဝဠာတောအုပ်တွေထဲက
တောရဲတိရစ္ဆာန်တွေအားလုံး
ဝေါခနဲ တိတ်ဆိတ်သွားကြ
အားလုံးရဲ့ အကြည့်ဟာ ပျောက်ဆုံးသွားသောအရာ
တစ်သက်လုံး လင်းခဲ့သမျှ ခဏလေး အမှောင်ကျသွားခဲ့တာပါ
ကျွန်တော်တို့ မခံနိုင်ခဲ့ကြဘူး
လှုပ်ရှားနေတဲ့ အရာတွေ တစ်ချိန်မှာ ရပ်တန့်သွားမယ်
ငြိမ်သက်နေတဲ့ အရာတွေလည်း တစ်ချိန်မှာ လူးလွန့်လာမယ်
ရနေတာတွေအားလုံး တစ်ချိန်မှာ ပျောက်ဆုံးပြီး
မရခဲ့သေးတာတွေအားလုံး တစ်ချိန်မှာ ပေါ်လာမယ်
နေကြတ်ပြီ
နဂါးငွေ့တန်းရဲ့ အခန်းထဲမှာ
ကမ္ဘာရဲ့ ဂြိုဟ်ရံလကို ခြုံလွှာလို အကာအကွယ်ယူပြီး
နေဟာ မြွေတစ်ကောင်လို အရေခွံလဲခဲ့ပြီ။


July 27, 2009

PS. ဒီကဗျာလေးကို မနော်ရဲ့ “အရှေ့မြို့ရိုးကနံနက်ခင်း” ဆိုတဲ့ ကဗျာပြပွဲလေးမှာလည်း သွားရောက် ဖတ်ရှုနိုင်ပါတယ်။

မှတ်ချက်။ ။ ကိုညီလင်းဆက်၏ ဘလော့မှ တဆင့် ခွင့်ပြုချက်အရ ပြန်လည် ကူးယူဖော်ပြပါသည်။

နက္ခတ်ရစ်သမ်

ဒီကဗျာတွေကတော့ ကိုရွှေဘုန်း(တာရာမင်းဝေ) မကွယ်လွန်မီ နောက်ဆုံးရေးသွားတဲ့ ကဗျာတွေပါ။ ဒီကဗျာတွေကို ကျွန်တော့်ရဲ့စာအုပ်တိုက်ဖြစ်တဲ့ “ငါတို့စာပေ” မှထုတ်ဝေဖို့ စီစဉ်ထားတာ ဖြစ်ပြီး စာပေစိစစ်ရေးက ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။ စာအုပ်ထုတ်ခါနီးမှ မမျှော်လင့်ဘဲ “သူ” ကွယ်လွန် သွားခဲ့ပါတယ်။ သူ ကွယ်လွန်ပြီးတော့မှ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် မထုတ်ဖြစ်တော့တာပါ။ ဒါပေမယ့် online ပေါ်က ညီအစ်ကိုတွေအတွက် ဖတ်ရှုရအောင် တင်ပေးလိုက်ပါတယ်။ ကဗျာစာအုပ်နာမည်ကတော့…. “နက္ခတ်ရစ်သမ်” တဲ့။


ဗေဒင်ဟောသည်

“ဒေါက်”ခနဲ ဓားပေါက်သံအဆုံးမှာ
ကံကြမ္မာက ကားယားကြီးကျလာတယ်
သူ့ကို ကြိုးနဲ့ကူတပ်ပေးပါ
ခုချိန်ကစပြီး ကျုပ် ဗေဒင်ဆရာလုပ်မယ်
ကံကြမ္မာမရှိတဲ့ ဗေဒင်ဆရာ
မြင်းရိုင်းကိုစီးပြီး မြို့တော်ထဲဝင်လာမယ်။

တာရာမင်းဝေ
-
ဝေးသူ

စကားတစ်ခွန်းနှစ်ခွန်း စွတ်စိုရုံလောက်နဲ့
မြင်းမိုရ်တောင်ကို မွန်းတည့်စေမလား
ဒါပေမဲ့ ဒါဟာ ဖြစ်ခဲ့တယ်
အိုဒက်ဆာမှာ မဟုတ်ဘူး၊ ကြေးရုပ်နံဘေးမှာဖြစ်ခဲ့တယ်
ဒါဟာ တကယ်ဖြစ်ခဲ့တယ်။
လ၀န်းကျကွဲသံတွေကြားမှတော့
ဘာကိုမှ မလွမ်းဆွတ်တော့ပါဘူး
ချုပ်ပလိုင်းထဲက ငါ မျှော်ရည်ငေးလင့်
တစ်နေ့တော့”ဆိုတာ
ဘယ်တော့ပွင့်”မလဲလို့။

တာရာမင်းဝေ
-

တန်ရာတန်ကြေး

နတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်
ဘယ်သူကမှ ထမင်းခဲကိုက်ပြီး မွေးလာတာမဟုတ်ဘူး
အဲဒါကြောင့် ငါ့ရဲ့စုံနံ့သာမြိုင်ပတ်ပျိုးမှာ
စောင်းကြိုးတစ်ချက် လျှော့ခဲ့တယ်။
အနုပညာဆိုတာ
မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမဟုတ်ဘူး
နေညိုချိန် တိမ်ပွင့်အမျောလေးပါဆိုတော့လည်း
ပြောသူကို မယုံကြည်ချင်ကြဘူး
ကြည့်ပါ
ဒီမြှားကို ငါပစ်ပြပါ့မယ်။
ပစ်မှတ်ကို လွယ်လွယ်နဲ့မှန်ရင်တော့
အဲဒီသူယောင်နတ်သမီးကို
တို့တွေ တန်ရာတန်ကြေး ပေးလိုက်ကြတာပေါ့။

တာရာမင်းဝေ
-

သင်းကွဲသူများ (၁)

ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ
မေ့ထားလိုက်ပါတော့ ကလေးရယ်
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်
တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ
အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ
သွားတော့ ဘေဘီ
ဟိုးမှာ
ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။

တာရာမင်းဝေ
-

ဖြစ်စဉ်

တစ်ခါတလေမှာတော့လည်း တွေးကြည့်မိပါတယ်
နက်ဖြန်ခါ သေသွားရင် ဘာဖြစ်မလဲလို့။
လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ
(မလုပ်ရသေးတာတွေလည်း အများကြီး)
ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီးပြီ
(မဖြစ်ရသေးတာတွေလည်း အများကြီး)
နက်ဖြန်ခါမှာလို့ စဉ်းစားလိုက်ပြန်တော့
နက်ဖြန်ခါတွေကလည်း အများကြီး
ဒီလိုနဲ့ပဲ
ဘ၀မှာ နေပျော်ရတာပါပဲ ကလေးရယ်။

တာရာမင်းဝေ
-

နေ

ကြယ်ကလေးတွေ စိုးစီစိုးစီနဲ့ပဲ
ငါ နိုးခဲ့ရ…။
မှော်ဆရာရဲ့ လွယ်အိတ်ထဲက
လွတ်ထွက်လာတဲ့နေလုံးလို
တစ်တောင်ပြီးတစ်တောင် နီလဲ့ခဲ့ရ…
ငါ ပျော်တယ်… ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။

တာရာမင်းဝေ
-

သင်းကွဲသူများ(၂)

နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။

တာရာမင်းဝေ
-

နွေခံစားမှု

အငွေ့တထောင်းထအောင်ပူရဲ့
လူတစ်ယောက်ထဲက တစ်နွေလုံးဖြစ်ရတယ်
ဒီရိုးပြတ်ကိုကျော်ရင်ရောက်ပါပြီတဲ့...။
ပတ်ကြားအက်ထဲကလူကအသံကုန်အော်တယ်...။
မိုးနတ်မင်းကြီးရယ်....
ကျွန်တော့်ကိုယ်ပေါ်ကို မိုးတစ်ပုံ့နှစ်ပုံ့ရွာပေးပါ...
ကျွန်တော်စိတ်တွေက
မုတ်သုန်ကို ဆာလောင်မွတ်သိပ်လွန်းလို့ပါ။

တာရာမင်းဝေ
-

သက်ပြင်းလောင်းသံ

ငါ...... ကြေကွဲနေပြီ
ရင်ဘက်မှာလည်း ၀ိဥာဉ်ကျောက်သားတွေအက်ကွဲလို့...
ငါ....ဘယ်လိုလုပ်ရမလဲ
ပိတ်ထားတဲ့ ပန်းပွင့်ကိုကော
ဘယ်လိုအလင်းနဲ့နမ်းမလဲ
အငွေ့ပြယ်ပြီး ပျောက်သွားရင်လည်းပြီးရော...
တကယ်ဆို
ကောင်းကင်တိုက်ပွဲအသစ်တွေနဲ့သာနေ/သေချင်တော့တယ်....

တာရာမင်းဝေ
-

ပင်လယ်ရေးတဲ့စာ

ရေတံခွန်ကြီးတစ်ခုလို ခုန်ချလိုက်ချင်တယ်
မြင်းမိုရ်တောင်ကိုလည်း မိုးကြိုးးပစ်ချလိုက်ချင်ရဲ့။
ကျောက်မြင်းရုပ်ကြီးလိုပဒပ်ရပ်ထချင်တယ်
ပင်လယ်ကဗီးပင်တွေလိုလည်းတရှဲရှဲအော်လိုက်ချင်တယ်။
ခုတော့....ဘယ်ဖြစ်တော့မှာလဲ
သူမက
ငါ့ကို
ငြိမ်ငြိမ်လေးပဲ
လက်ပိုက်ရပ်နေတဲ့....။

တာရာမင်းဝေ
-

တစ်ခွန်းစကား

ရနံကိုတော့ရတယ်
ဒါပေမယ့်....ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ....သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်...။

တာရာမင်းဝေ
-

ကကြီး

အဖေ့ရဲ့မျက်နှာမှာ
အင်္ဂတေအက်ကွဲရာ အမြောင်းမြောင်းနဲ့
အဖေ့ရဲ့အရိုးငေါငေါ လက်အစုံမှာလည်း
ဘယ်ဆီကူးမယ်မှန်းမသိတဲ့ ၀တ်မှုန်တွေလည်းပျံ့သင်းလို့
အဖေ့ရဲ့စိတ်အာရုံထဲ ငါဝင်ကြည့်တော့
လောကဓံရှစ်ပါးနဲ့ပိတယ်။
အဖေရယ်......
ကျောသက်သက်ကိုခင်းပြီး ကျွန်တော်ဝင်ထမ်းပေးပါ့မယ်
အဖေ့အတွက် နိုင်ရာဝန်ကို ကူမပေးရင်း
အဲ့ဒီလို.....ကကြီးမျိုးတော့
ကျွန်တော် ရေးချင်ပါသေးတယ်။

တာရာမင်းဝေ
-

နဂါးချော့တေး

ကလူ ..... ကလူ လို့
ငါ့ကိုဘယ်သူချော့ရဲသလဲ
တကယ်တော့ ချော့တယ်ဆိုတာ
ပျော့ပြောင်းစေလိုရုံတင် မကပါဘူး
ဖြေသိမ့်ပေးတဲ့ သဘောလဲပါတယ်
“ခရူး...ခရူး” တဲ့
မရဏမင်းက
နှာမှုတ်သံနဲ့ ငါ့ကိုချော့ပြီ
ခြောက်ခြားထိတ်လန့်စွာ....ငါ....ကျေးဇူးတင်ပါတယ်
သူ့ကိုမှ ခွင့်လွှတ်နားလည် နိုင်သေးရင်
ကျန်တဲ့သူတွေကို ဘာမှပြောစရာမရှိဘူး မဟုတ်လား…
နဂါးချော့ တေးသွားက
နည်းနည်းတော့ခါးတာပေါ့လေ…။

တာရာမင်းဝေ
-

ပလုံ

ရေထဲကိုခဲကျသွားတာလည်းဖြစ်နိင်တယ်....
ရေထဲက ငါးခုန်တက်လာတာလည်း ဖြစ်နိင်တယ်....
တစ်နေ့မှာ ငါ့အထ္ထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်....
ဘယ်လိုဖြစ်သွားသလဲမသိဘူး...
“ပလုံ”

တာရာမင်းဝေ
-

အထက်ပါကဗျာတွေအကုန်လုံး ဖတ်ပြီးသွားရင် သူ ကွယ်လွန်ခါနီး စိတ်အခြေအနေကို မှန်းဆနိုင်မှာပါ။ သူ့ နောက်ဆုံးနှစ်များမှာ ကျွန်တော်နဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ထုတ်ဝေသူနဲ့ စာရေးဆရာတို့ ပြောသလို အလုပ်အကြောင်းတွေ မဟုတ်ပါဘူး။ အလုပ်အကြောင်းကို သူနဲ့ ကျွန်တော်ပြောရင် အလွန်ဆုံး နှစ်ခွန်းသုံးခွန်းတည်းပါ။ “ကျွန်တော် ဒီစာအုပ် ထုတ်ချင်တယ်”ဆိုရင် သူက “အေး… ထုတ်” “မထုတ်ပါနဲ့ကွာ” ဒီလောက်ပါပဲ။ စာမူခဆိုရင် တစ်ခါမှ ဘယ်ရွှေ့ဘယ်လောက်ပေးပါလို့ မတောင်းခဲ့ဘူးပါဘူး။

ထားပါတော့။ အဓိကပြောချင်တာက သူ့ကဗျာတွေပါ။ သူ့ရဲ့ soul ကို အထက်ပါကဗျာများထဲမှာ တွေ့နိုင်ပါတယ်။ သူ တောင့်တနေတဲ့ မိသားစုဘ၀၊ သူ လိုအပ်နေတဲ့ “မိသားစုဘ၀” သူ့ရဲ့ အထီးကျန်ရက်စွဲတွေကို့ ကျွန်တော့်အနေဖြင့် ကဗျာထဲမှာ ဖတ်ခဲ့ရသလို သူ့နှုတ်ကဖွင့်ဟပြောတဲ့ စကားတွေလည်း ကြားခဲ့ရပါတယ်။ သေချာတာကတော့ သူ ကွယ်လွန်ခါနီးအချိန်မှာ သူ အရမ်း အထီးကျန်နေတယ် ဆိုတာပဲ။

အရမ်း နှမျောမိပါတယ်။ နေချင်ရင် အချိန်တွေ အများကြီး ကျန်သေးတယ်။ သူ လောကကြီးဆီက အများကြီး ယူသွားခဲ့ပြီး သူ့ဆီက လောကကြီးက နည်းနည်းပဲပြန်ရခဲ့တာ အရမ်းနစ်နာပါတယ်။ သူ့ကို အများကြီး ညှစ်လို့ရပါသေးတယ်။ သူ တစ်ခါပြောဖူးတဲ့ သူရေးချင်နေတဲ့ ငါးအုပ်တွဲဇာတ်ကြီးဆိုရင် အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဇာတ်အိမ်ကလည်း အကြီးကြီးပါ။ ရေးမယ့်အကြောင်းကလည်း ရှယ်ပါပဲ။ ဒါပေမယ့်………………..ကိုရွှေဘုန်း………। ခင်ဗျားကိုကြည့်ပြီး ကျွန်တော် ပင်ပန်းလွန်းလို့ နောင်ဘ၀ အနုပညာရှင် မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။


မြေမှုန်လွင်

[ဆရာတာရာမင်းဝေရဲ့ မထုတ်ဝေဖြစ်လိုက်တဲ့ “နက္ခတ်ရစ်သမ်” ကဗျာစာအုပ်ထဲက ကဗျာတွေကို ဆရာ့ရဲ့ အမှတ်တရဘလော့မှာ မျှဝေဖော်ပြဖို့ မိုးလှိုင်ညကနေတဆင့် ကြည်ဖြူစွာ ပေးလိုက်တဲ့အတွက် ကဗျာဆရာ မြေမှုန်လွင်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ သြဂုတ်လ ၅ ရက်နေ့ ဆိုရင် ဆရာတာရာမင်းဝေ ကွယ်လွန်သွားခဲ့တာ ၂ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။]
ad

ဆရာတာရာမင်းဝေ နောက်ဆုံးရေးသားခဲ့သည့်ကဗျာ

ad
ဒီကဗျာလေးအတွက် ကိုအောင်ဒင်ကို ကျေးဇူး အထူးတင်ရှိပါတယ်။