တာရာမင်းဝေ အမှတ်တရ

ဆရာတာရာမင်းဝေ၏ စာမူများ စုစည်းမှု

ပန်းချီမုတ်သုန်ရေးဆွဲသည့် ပုံတူ

ခေါင်းလောင်းသံစာတမ်း

(၁)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့…ကို ကျွန်တော်သတိရလိုက်တာ…
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ်…။

လောကအတုမှာ ..လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်း ကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ…
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု..ဘယ်မှာလဲ
ဘယ်မှာလဲ…..။

မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ…။

(၂)
ကျွန်တော်မှတ်မိသမျှ…
မေမေ့မျက်လုံးဟာ ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊နှင်းစက်တွေဖုံး
နေရောင်တွေလည်း ခါးကုန်းအောင်ရုန်းခဲ့ရပေါ့

သစ်ကိုင်းခြောက်ကြီးက မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင် ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ…
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကို လျှောက်နင်းခိုင်းခဲ့တယ်…။

မုသားတစ်လွှာ မာယာတစ်ထပ်၊၀တ်ရည်တစ်စက်နဲ့
အို…ခတ္တာရေ…
ပုခက်လွှဲသောလက်တွေနဲ့ ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင် ပုခက်ဖြစ်ပြခဲ့တယ်…။

“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။

(၃)
ခြေထောက်တွေက လှေကားထစ်အတိုင်းတက်သွားပြီး..
လူက..လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာ ကိုယ်ပြန်ခိုချင်လို့်ရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။

ပြက္ခဒိန်ထဲမှာ ကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရ မွန်းလွဲအိုတစ်ခုက
“မေမေ့”ကို လုသွားတယ်…။

နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ်….။
လက်ဖမိုးနဲ့ဖျက်ဖျက်လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ်…။

(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တ၀င်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ်….။

ငယ်ငယ်တည်းက
“၀”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး..။

မေမေ့မှာ
ဘာသာဗေဒမတူ၊ဖတ်တဲ့စာချင်းမတူ၊ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ်…။

မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ်…။

ကျွန်တော့်မေမေဟာ
သူများမေမေတွေထက်…နို့ရည်ပိုမထွက်ပါဘူး…….
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ်….
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ..။

(၅)
ဖုန်မှုန့်ပျံ့စင်…
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု..လင်းနို့တွေအောင်းနေပြီမေမေ..။

လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။

စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ်..။

မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။

“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်…
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။

ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။

(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အကျီ င်္မှာကြယ်သီးတစ်လုံးလိုနေပြီ….မေမေ..။

ငယ်ငယ်ကတည်းက….
မေမေကခံတပ်လုပ်၊ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေေ၀ဆာဆာဓါးချင်းခုတ်ဖူးတယ်….။

ကျွန်တော့်ဘ၀တောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ…
ကျွန်တော့်ဘက်မှာရပ်တည် ၊ကာကွယ်၊တိုက်ခိုက်
သူမကိုတော့..မြားအစင်းစင်းစိုက်ခဲ့တယ်…။

ကျွန်တော့်ကိုအလိုလိုက်..ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို..မေမေပဲငို..။

မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့်….တဲ့။

(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ်…
ကျွန်တော့်ကိုမေမေက..
ပညာလှလှတတ်စေချင်တာ..အသေအချာပေါ့..။

ကောင်းကင်ပေါ်က“လ”နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ….
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ..။

ကျွန်တော်ကလူပျင်း..
သစ်ပင်ခြေရင်းမှာရပ်လိုက်၊သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ..
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ…။

တစတစ…
လူငယ်သီချင်း၊နှင်းဆီဓားသွား၊ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ်..။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ..
အိပ်မက်တွေအမြှောင်းမြှောင်းထ..
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ်..။

(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊အိပ်မက်ကိုစောင်လိုခြုံဆဲ…
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ်…။
ကျွန်တော်….
မပျော်လေလွင့်၊ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ..။

မေမေဟာ…
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကိုခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို..မီးအိမ်ကိုင်ပြီးစောင့်နေတယ်..။

နာကြည်းပင့်သက်၊အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား..သားကိုယ်စား မျက်ရည်မဲ့စွာငို..။

သား…
ဘ၀ဆိုတာရေစီးထဲကဗေဒါ..မရေရာဘူးကွဲ့
ဒါပေမယ့်…

မျှော်လင့်ချက်ရဲ့ အရုပ်များ၊အရောင်များ၊အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား..
ဝိညာဉ်ရုန်းကန်တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ်..။

မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း…တစ်စက်ချင်း…တစ်စက်ချင်း..ချိုစေခဲ့..။

(၉)
ဝါဆိုပန်းခူး၊စံပယ်ဦးတို့မွှေးသက်ဝေေ၀
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့..ရေကိုလည်းကျွန်တော်နမ်းခဲ့..။

မေမေဟာ..
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ်..။

မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း
ကျွန်တော်….လမ်းမှာဝတ်ရန်..။

နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ…

မုဆိုးခြေထောက်များနဲ့ ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေ ပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်း ဗောင်းလန်အောင်ခါရမ်းပွင့်ဝေ…။

(၁၀)
သား…
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့

မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ်…(ဖိနပ်လည်းအခါခါပေါက်ခဲ့)

ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ..ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား ၊အမှားများလည်းချင်းချင်းနီ…။

ဧရာဝတီမေမေ၊ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊နံနက်ခင်းကြေးရုပ်ဟာမေမေ…။

ခု..မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ…နီလဲ့..
လူတဆုံး…၀ိညာဉ်တဆုံး၊အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ..”

(၁၁)
မေမေဟာ..နာရီသံနဲ့အိပ်၊နာရီသံနဲ့နိုး..
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ်..။

မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ပွင့်အိုလေးပမာ၊၀ါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ်..။

သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ်..။

လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ်..။
(အလင်းပြာမှတ်ကျောက်အတွက်မင်တစ်ပေါက်ဖြစ်တယ်..)

(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ..။

မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ….အဝေးမှာ…
ကျွန်တော်က…ဟိုး…အဝေးကြီးမှာ..။

ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ…။

အမေ့ရဲ့ခြေလို၊လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့…။

အမှားလက္ခဏာ၊အမှန်လက္ခဏာ၊ဘာနဲ့မှလာမတိုင်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ..ကောင်းရာဘုံသို့ရောက်ပါစေ..။
(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း.)

(၁၃)
နောင်…နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊၀တ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ….
အဲဒီလူဟာ..သားပဲပေါ့မေမေ…
ဘယ်သံသရာမှာပြန်ရှာရင်မေမေ့ကိုတွေ့နိုင်မလဲ…
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့်…။

အမေ့ကိုယ်စား…
အမေ့ကိုယ်ပွား…
ကြယ်စင်များကိုလက်ဖ၀ါးနဲ့ပန်၊မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အ၀ါရောင်မီးရှူးမီးပန်းလို
“လင်း”ပြီးမှပျောက်မယ်…။

ကျွန်တော်…
မေမေ….
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ..တစ်ပုဒ်ပြီးဆုံးသွားပါပြီ..။

မေမေ…
ကောင်းရာသုဂတိလားပါစေ…
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
…………………………………………………….
………………………………………………..
…………………………………………..

(တာရာမင်းဝေ)

မှတ်ချက်။ ။ ဆရာတာရာမင်းဝေ၏ အထက်ပါ ကဗျာကို အီးမေးလ်မှတဆင့် ပေးပို့လာသူ အမည်မဲ့အား ကျေးဇူးတင်ရှိပါသည်။

သေလူ

ငါဟာ မြားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါ ပေ မယ့် . . . ဘယ်ဝါးကျည်ထောက်ကိုမှ
ဒူးမထောက်ခဲ့ဖူးဘူး။

ငါဟာ ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါ ပေ မယ့် . . . ဘယ်ဓားအိမ်ထဲမှာမှ အိပ်မက်မက်
မနေခဲ့ဖူးဘူး။

နောက်တော့
… ငါဟာ အက္ခရာတစ်လုံးဖြစ်သွားတယ်
ငါ့ကိုယ်ငါ ပြန်ဖတ်လို့ မရတော့ဘူး။

အဲဒီလိုနဲ့
ငါဟာ အရက်တစ်ပုလင်း ဖြစ်သွားတယ်
ငါ့ကို ဘယ်သူက ဝင်ပလုပ်ကျင်းမလဲဆိုတာကို
… စောင့်နေတယ်… ။ ။

(တာရာမင်းဝေ)

မှတ်ချက်။ ။ Idea မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသည့် ဆရာတာရာမင်းဝေ၏ အထက်ပါ ကဗျာကို အီးမေးလ်မှတဆင့် ပေးပို့လာသူ ကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။

တာရာမင်းဝေ ရဲ့ အမေ့အိမ်

- ဖန်တီးခဲ့တဲ့ လက်ရာများထဲက ကိုယ်တိုင်နှစ်သက်ခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ကို ရွေးချယ်ပေးပါလား။

+ ဒီကဏ္ဍအတွက် “ပိတောက်ပင်ကို အိပ်မက်,မက်တဲ့ကောင်လေး” ဆိုတဲ့ ဝတ္ထုတိုကို ရွေးပေးလိုက်ချင်တယ်။ ၁၉၉၅ ခုနှစ် ၊ ဧပြီလထုတ် “ မြန်မာ့ရုပ်ရှင်” မဂ္ဂဇင်းမှာပါဝင်ခဲ့တဲ့ ဝတ္ထုတိုလေးပါ…။ ဒီဝတ္ထုတိုလေးမှာနာမည်ရင်းရှိပါတယ်…။ ပရိတ်သတ်ကို ဆက်ဆံတဲ့နေရာမှာ… သူ့ နာမည် ဟာ…“ပိတောက်ပင်ကို အိပ်မက်,မက်တဲ့ကောင်လေး” ပါ ။ နာမည်ရင်းကတော့… “ဘယ်လမ်းကို သွားနေမှန်းမသိတဲ့ မြေပုံ” ဖြစ်ပါတယ်။

- အဲဒီဝတ္ထုနဲ့ ကိုယ့်ရဲ့ လက်တွေ့ ဘဝ၊ ခံစားမှုတို့ ပတ်သက်မှုရှိရင် နည်းနည်း ပြောပြပေးပါ။

+ ကျွန်တော်ဟာ အမေ့အိမ်ကခွဲပြီး (၇) နှစ်တာခရီးတစ်ခုကို သွားခဲ့ဘူးပါတယ်…။ဘန်ကောက်ကို Shopping ထွက်တာ မဟုတ်သလို ၊ နိုင်ငံခြားသင်္ဘောလိုက်တာလည်း မဟုတ်ပါဘူး။အဲဒီလို ခရီးတစ်ခု ထွက်ခဲ့တယ်ဆိုပါတော့ …။

အမေ့အိမ်ကို ပြန်အလာ … လမ်းမှာ ခံစားရတာတွေရှိပါတယ် ။ လောကအကြောင်း ၊ ကိုယ့်အကြောင်း ပြန်တွေးမိတာတွေရှိပါတယ်…။ ရင်းနှီးသူတွေသိကြပါတယ် ။ အဲဒီခံစားချက် ၊ အဲဒီ အတွေးအမြင်ကို အနုပညာပစ္စည်းတစ်ခုအဖြစ် ပြန်တည်ဆောက်တာပါပဲ။

- ဒီလိုဖန်တီးဖြစ်ဖို့ ဘယ်လို inspiration ရပါသလဲ။

+ ဒီဝတ္ထုမှာ inspiration မပါ ပါဘူး။ ကိုယ့်ဘ၀မှာ … ကိုယ်ဖြတ်သန်း ဆင်ခြင်မိတဲ့ အနေအထားတစ်ရပ်ကို အနုပညာ တစ်ခုအဖြစ်အန်ထုတ်ပစ်ချင်တယ်။ အဲဒီလိုနဲ့ ဒီဝတ္ထုကိုရေးဖြစ်တယ်။ရေးအောင်လှုံ့ဆော်တဲ့ စိတ်ဘဝ အသိတွေကြောင့်ပါ။ စိတ်ပိုင်းဆိုင်ရာဗိုင်းရပ်စ် (mental virus) လို့ခေါ်တယ် ။ ပညာရပ်ဝေါဟာရ အရ “N’ach” လို့ သုံးတယ်။

- ဒီဝတ္ထုကို တင်ပြရာမှာ ပုံသဏ္ဍာန်ရွေးချယ်မှုနဲ့ ပတ်သက်လို့ အခက်အခဲရှိပါသလား။

+ ဒီလက်ရာကို ပရိတ်သတ်သိအောင်တင်ပြရာမှာ အခက်အခဲရှိသလားဆိုတော့ … ရှိတယ်။
ခက်တယ်။ အဲလို အမေ့အိမ်ပြန်တဲ့အကြောင်း ကဗျာတွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေများလှပြီ။
အများစုကတော့. . . အောင်မြင်မှုအတွက် ဂုဏ်ယူပြီးပြန်တာတို့၊ ဆုံးရှုံးမှုအတွက် နာကျင်ကြေကွဲပြီး ပြန်တာတို့
. . . အဲဒါတွေပေါ့…။ ဒါပေမဲ့ ကိုယ်ပြောချင်တာအဲဒါမျိုး မဟုတ်ဘူး။ ဒီအချက်အရေးကြီးတယ်။ ကျွန်တော့ဘဝမှာ
အမေ့အိမ်ကနေ အမေ့အိမ် ကနေ တနေရာကို ထွက်သွားတာ၊ ပြီး…ပြန်လာတာ များလှပြီ။ သိပ္ပံ အမြင်အရ ပြောရရင် တော့ အရွေ့“သုည” ပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီနေရာမှာ လည်ပတ်နေရတဲ့ ကျွန်တော့်ဘဝရဲ့
သံသရာစက်ဝိုင်း အငယ်စားလေးတွေနဲ့ ပတ်သက်ပြီး တင်ပြချင်တာ။ အဲဒီလို စက်ဝိုင်းကလေးတွေ အများကြီးကို
… ကျွန်တော် လည်ပတ်ခဲ့ပြီးပြီ။ ဒါပေမဲ့…ဘာကို ဘဟိုပြုပြီး လည်ပတ်တာလဲ…။ ဒီစက်ဝိုင်းတွေ ဘယ်ကစတာ
လဲ…။ အဲဒါကို ကျွန်တော်က ကျွန်တော်နဲ့အတူ ပရိသတ်ကိုလည်း ခံစားကြည့်စေချင်တယ်။ အဲဒီတော့ ပြောရခက်တယ်။ ရအောင်ပြောမယ်ဆိုပြီး ပြောခဲ့တာပါပဲ…။

- ဒီဝတ္ထုမှာ အကြောင်းအရာနဲ့ ပုံသဏ္ဍန် ဘယ်လို တွဲဖက်ဖြစ်ခဲ့ပါသလဲ။

+ ဒီဝတ္ထုကို တင်ပြရာမှာ အကြောင်းအရာနဲ့ ပုံသဏ္ဍန်ဆိုပြီး တွဲစပ်ခဲ့တာ မဟုတ်ဘူးဗျ…။ ‘Form and Content’
ဆိုတာကို ကျွန်တော်က ပယ်ထားတယ်။ ‘Material and Structure’ဆိုတဲ့ အတွဲအစပ်ကိုပဲ ကျွန်တော်သုံးတယ်။
စကားလုံးတွေကို ‘Material’ အဖြစ် အသုံးချပြီး၊ဒီဝထ္ထုရဲ့ ‘Structure’ ကိုတည်ဆောက်တယ်။ ဒါမျိုးပေါ့။ “ဂယက်” ပြောင်းပြန်ထတဲ့ နည်းကို သုံးခဲ့တယ်။ ဇတ်ကောင်ရဲ့ ဘဝနဲ့ သက်တမ်းကို…ကျယ်ရာကနေ…အချိုးကျ ကျုံ့ဝင်သွားစေတဲ့ နည်းပေါ့။(အဲလို တည်ဆောက်မှုကို post-modernist တွေကတော့ Recursive Structureလို့ သုံးကြတယ်။) ပြီး …အဲဒီအလွှာတွေကို ထပ်ပစ်တယ်။ (အဲဒါမျိုးကို post-modernist တွေက ‘strang loop” လို့ သုံးတာမျိုး တွေ့ဖူးတယ်) ပြီးတစ်လွှာကနေတစ်လွှာ ထိတွေ့ဆက်ဆံမှုလုပ်ပစ်တယ်။(အဲဒါမျိုးကို post-modernist တွေက ‘Flickering’ လို့ သုံးတာမျိုး တွေ့ဖူးတယ်။)

- ဒါဆိုရင် ပုံဖော်တဲ့နေရာမှာ ကြားခဲပစ္စည်းတွေ ဘယ်လိုသုံးခဲ့ပါသလဲ။

+ ဝတ္ထုဆိုတော့လည်းဗျာ စကားလုံးကြားခံပစ္စည်း ‘verbal Medium’ နဲ့ ပုံဖော်ရတာပေါ့။ ဒါပေမဲ့ ဒီဝတ္ထုမျိုးက စကားလုံး ကိုသိပ်အားထားလို့ မရဘူး ‘Concept’ ကိုပံအားထားရတယ်။ ကိုယ်က “ဂယက်ပြောင်းပြန်ထည့်နည်း”
ကို သုံးပြီး ရေးခဲ့ပေမဲ့ ဖတ်သူက “ဂယက်အစဉ်ရိုက်ခတ်နည်း” အတိုင်းပဲ ဖတ်ရတယ်။ ဒီဝတ္ထုထဲမှာ စက်ဝိုင်း
ကျုံ့ ကျုံ့ သွားပြီးနောက်ဆုံး ငယ်ဘဝမှာ… “ဝလုံးကို ဘယ်က စဖတ်ရမလဲ မသိတာ” ကို ရေးပြထားတယ်။
အဲဒါဟာ ဒီဝတ္ထုရဲ့ အနှစ်ချုပ် Concept ပဲ။ ဝလုံးကို ရေးတာဟာ စက်ဝိုင်းကို ဆွဲတာနဲ့ မတူဘူး။ စက်ဝိုင်းက ဗဟို
ချက်ရှိတယ်။ ဝလုံးဗဟိုချက် မရှိဘူး။ လည်ပတ်နေရမဲ့ ဗဟိုချက် မရှိသလို ဖြစ်နေတဲ့ ကျွန်တော့်ဘဝကို ပြောချင်တာ…။ ပြီး အဲဒီလည်ပတ်မှုက ဘယ်က စမှန်းမသိတာကို ပြောချင်တာ။

ဝတ္ထုရဲ့ အဲဒီအချက်ကလေးကို . . . KRA လို့ ခေါ်တယ်။ “Key Result Area” ပေါ့လေ။ သော့ခက်ကျတဲ့ အပိုင်းပေါ့။ post-modernist တွေမှာလည်း အဲလို နည်းစနစ်မျိုး ရှိတယ်…။
“Mese-en abyme” လို့ခေါ်တယ်။ တခြားဆက်ပြောရင်တော့ ပြောစရာတွေ အများကြီးရှိမယ်။
ဒါပေမယ့် ဒီလောက်ပဲ ပြောချင်တယ်ဗျာ။

- ဒီလက်ရာနဲ့ ပတ်သက်လို့ ပရိတ်သတ်ရဲ့ တုန့်ပြန်မှု ဘယ်လိုရှိပါသလဲ။

+ ဒီဝတ္ထုလေးရဲ့ ပျံ့နှံ့မှုက ဘယ်လောက်မှ မရှိဘူး။ ထည့်ပေးတဲ့ မဂ္ဂဇင်းက စောင်ရေ မများဘူး။ပြီး…
ဧပြီလထုတ် မဂ္ဂဇင်းဆိုတော့ သင်္ကြန်အဖွဲ့ အနွဲ့စာမူတွေနဲ့ ရောပြီး ပါသွားရတာ။ သူတောင် အူကြောင်ကြောင်
ဖြစ်သေး။ အလေးထားပြီး ဖြတ်မိတဲ့သူ နည်းတယ်။ အကြိုက်တွေ့ခြင်း မတွေ့ခြင်းက အဓိက မကျဘူး …
အတော်လေးတော့ စိတ်ဝင်တစားရှိကြတယ်။

- အခုအချိန် ဒီလက်ရာကို ပြန်သုံးကြည့်မယ်ဆိုရင်ကော။

+ ကျေနပ်ပါတယ်။
ဒီဝတ္ထုအကြောင်းလေး..အထက်မှာကျွန်တော်ပြောခဲ့တာတွေက… ပညာရပ် ဝေါဟာ၇တွေပါသွားတယ်။
ဝတ္ထုတိုတွေ ကျွန်တော်ရေးတဲ့ နေရာမှာ တချို့ကိုလည်း သီအိုရီ သဘောအရ စမ်းသပ်ရေးတာတွေရှိတယ်။
စိတ်ကြိုက်တွေ့မှ ကိုယ်နဲ့ လိုက်ဖက်တယ်ထင်မှပေါ့။ အများစုကိုတော့ ကိုယ့်ဘာသာ လွပ်လွပ်လပ်လပ် ရေးတယ်။ ဘယ်သီအို၇ီ၊ ဘယ်ဝါဒ ဘယ်နည်းစနစ်ကိုမှ ဂရုမစိုက်ဘူး။ ခု… ဝတ္ထုတိုလေးက ဒုတိယ အမျိုးအစားထဲမှာပါ, ပါ တယ်။

- တခြားပြောချင်တာများ ရှိသေးရင်…။

+ အခု…ရှင်းလင်းချက်မှာ post-modern နည်းဗျူဟာတချို့ အခြားပညာရပ်ဝေါဟာရ တချို့ကို … နီးစပ်ရာ
ဆွဲယူရှင်းလင်းခဲ့တယ်။ အဲဒါကြောင့် အခုမှ အနုပညာစ,ဖန်တီးမယ့် ညီငယ်၊ညီမငယ်တွေကိုတော့ တွန့်
မသွားစေချင်ဘူး။ သူတို့ကို လည်း လွပ်လွပ်လပ်လပ် ဖန်တီးစေချင်တယ်။ အနုပညာကို ချစ်ဖို့၊ ခံစားတတ်ဖို့
အနုပညာနဲ့အတူ အသက်ရှင်တတ်ဖို့ အဓိကပါပဲ…။

မှတ်ချက်။ ။ Beauty မဂ္ဂဇင်း၏ “သူနှင့် သူ့အနုပညာ” ကဏ္ဍတွင် ဖော်ပြခဲ့ဖူးသည့် ဆရာတာရာမင်းဝေ၏ အထက်ပါ အင်တာဗျူးကို အီးမေးလ်မှတဆင့် ပေးပို့လာသူ ကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။

ပိတောက်ပင်ကို အိပ်မက်မက်တဲ့ ကောင်လေး

(၁)

လင်းရှပြာရီသော မီးတောက်မီးလျှံများက ပင်လယ်လှိုင်းလုံးကြီးတွေလို ခုံးဝုန်းထကာ၊သူ့ကို ဒေါသမာန်ဟုန်းဟုန်းဖြင့် စိုက်ကြည့် နေကြသည်။

မီးမှော်ဆရာထံ “ခေါစာ” ပစါကျွေးခံရရာမှ လူးထ ပြန်ပြေးခဲ့ရသော သားကောင်ပမာ သူ့ကိုယ်ပေါ်မှာ မီးခိုးမှိုင်းမျှင်များက ရစ်ခွေလိမ်ပတ်လျက်။

နောက်သို့ တစ်လှမ်းချင်း ပြန်ဆုတ်နေရင်းက ကြေကွဲစွာ ပြုံးဖြစ်သည်။ လူမိုက်ဆန်စွာ တိုးဝင်ပစ်ရဲသော်လည်း လူသားဆန်စွာပင် သူခြေကုပ်မမြဲတော့။ အလဲလဲ အပြိုပြို ဆံပင်တွေကို သပ်တင်လိုက်၏။ သူ့သက်ပြင်း က မီးတောက်လက်တံကို ပို၍ လင်းသွားစေသည်။

ထို့ကြောင့် …

သူနောက်သို့ တစ်လှမ်းချင်း ဆုတ်နေဆဲ၊ အိပ်မက်၊ မျှော်လင့်ချက်၊ ရွှေရောင် အနာဂတ်လမ်းကလေး အားလုံးကို သူစတေးခဲ့ရသည်။

“………………”

ထိုသို့ဖြင့် လာရာလမ်းကိုပဲ သူ လှည့်ပြန်ခဲ့သည်။

(၂)
ငယ်ငယ်ကလိုပင် လမ်းပေါ်မှ ကျောက်ဆောင် ကျောက်ခဲများကို မိုးကောင်းကင်ဆီ တုပနိုင်သည့် မြေပြင်၏ မာကျောသော တိမ်ပွင့်တိမ်စများဟု သူထင်မြင်မိနေဆဲပဲဖြစ်၏။ အိမ်အပြန်လမ်းကို ခေါင်းငုံ့၍ လျှောက်လှမ်းလာခိုက် လမ်းဘေးတစ်နေရာမှာ “ညီညီ့” ကို ဆုံတွေ့လိုက်ရခြင်းဖြစ်လေသည်။

ညီညီက အသက်နှစ်ဆယ် ရှိနေပြီ။ ကြမ်းလွှသော အညိုရောင် ဝတ်စုံကို ဝတ်ဆင်လျှက် လက်ထဲမှာ စာအုပ်တစ်အုပ် ကိုင်ထားရင်း သူ့ကို ပြုံးရယ်ပြလေသည်။

“ကျွန်တော် စာဖတ်နေတာ…”

“ဒီစာအုပ်ကိုဖတ်ဖူးလား”

ညီညီထောင်ပြသော စာအုပ်ကို တစ်ချက်လှမ်းကြည့်ရင်း၊ သူခေါင်းညိမ့်ပြလိုက်သည်။“မာတင်ဘုရှ်” တည်းဖြတ်သော မြောက်အမေရိကန် ကဗျာစာအုပ် တစ်အုပ်ဖြစ်၏။ သူခေါင်းညိတ်ပြသည်ကို မြင်သောအခါ ညီညီက ပို၍ လင်းမြပြုံးရယ်လာပြီး …

“အဲဒါဆို … ကျွန်တော် ဆွေးနွေးချင်တာလေး နည်းနည်း ရှိတယ်ဗျာ…”

“ဘာလဲ …”

“ဒီစာအုပ်ထဲမှာ နိမိတ်ပုံနဲ့ သင်္ကေတကို ခွဲပြထားတယ် …”

“အင်း…”

“ဥပမာ… ယေရှုခရစ်ကို နိမိတ်ပုံနဲ့ ရေးပြရင် ဂျုံခင်းတွေကိုယူလာတဲ့ ဝတ်ရုံဖြူနဲ့ လူလို့ ရေးပြတာမျိုး”

“အင်း…”

“ဒါပေမဲ့ ယေရှုခရစ်ကိုပဲ သင်္ကေတ နဲ့ပြတော့ လက်ဝါးကပ်တိုင် ပြလိုက်တယ်…”

“အင်း… အဲဒါဘာဖြစ်လို့လဲ…”

ညီညီ့ မျက်လုံးများက စိတ်ဝင်စားမှု တို့ဖြင့်အရောင် လက်ဖြာနေသည်။

“အဲဒီမှာ ကျွန်တော်တွေးမိတာ လေး တစ်ချက်ရှိလာတယ်… ဒီလိုလေ…”

သို့သော်

ညီညီ့စကားကို ဆုံးအောင် သူနားမထောင်လိုက်ရပါ။ လေကြမ်းတို့ လွင်ဖြူးတိုးဝှေ့လာ၏။ အစိမ်းရွက်တွေ ဖျတ်ဖျတ် လူးခါနေသော ပိတောက်ပင်ကြီးတစ်ပင်ကို မြင်ယောင်လွမ်းဆွတ်လိုက်မိ၏။ တိုးသဲ့သော်လည်း တုံခါကျစ်လျစ်နေသည့် ရထားဥသြဆွဲသံကို ကြားလိုက်ပြန်သည်။

ညီညီ့ကို ထားခဲ့ကာ သူဆက်လက်ထွက်ခွာ လာခဲ့၏။

(၃)
လေထဲမှာ တစုံတရာက တိုးဆွတ်ပါဝင်နေသည်လား။ သူ့မှာ အသက်ရှုရတာပင် မူးမိုက်လာသည်။တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း လျှော့ချလိုက်၏။

အမြင်ကို ကြည်လင်အောင် ကြည့်သည်။ ထိုမှာပင် လှေခါးထစ် တစ်ခုပေါ်မှာ ထိုင်နေသော ညီညီ့ကို သူတွေ့လိုက်ရသည်။

ညီညီက အသက်ဆယ့်သုံးနှစ် ရှိနေပါပြီ။ အပြာရောင်အဝတ်အစားတို့ကို မသေမသပ် ဝတ်ဆင်ထားပြီး အဝေးသို့ ငေးကြည့်နေသည်။

သူက ရှေ့မှာ သွားရပ်လိုက်တော့မှ ညီညီမြင်သည်။ သူ့ကို ပြုံးလွင်စွာ စကားဆိုရန် ညီညီ့နှုတ်ခမ်းတို့ အဟမှာပဲ သူကဦးအောင်ပြောလိုက်၏။

“ဘာတွေစဉ်းစားနေတာလဲ”

ညီညီက ချက်ချင်းပြန်မဖြေသေးပဲ ဖုန်အလူလူးပေကျံနေသော သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်၏။ ထို့နောက်မှ

“မနေ့က ကျွန်တော်ကြားလိုက်ရတဲ့ စကားပုံတစ်ခုရှိပါတယ်။ အတွေ့အကြုံဟာ သိပ်ကောင်းတဲ့ ကျောင်းတော် ပဲတဲ့.. အဲဒါ ဟုတ်လားဟင်”

သူ … ပြန်မဖြေဖြစ်သေး ညီညီက သူ့မျက်နှာကို နွေးနွေးထွေးထွေး ငေးကြည့်နေ၏။ သူက သက်ပြင်း တစ်ချက်ကို ငုံ့ဝှက်ကာချလိုက်ရင်း … ။

“ဟုတ်တယ်”

ညီညီသဘောကျသွားပုံရသည်။ သူကတစ်ဆက်တည်းထပ်ပြောလိုက်၏။

“ဒါပေမယ့် စကားပုံမဟုတ်ဘူး၊ လူတစ်ယောက်ပြောသွားတဲ့ စကားပဲ၊ စကားက ဒီလာက်နဲ့လည်း မပြည့်စုံသေးဘူး နောက်မှာကျန်သေးတယ်”

“ဟင်… ဘာကျန်သေးတာလဲ…”

သူက အဓိပ္ပာယ် ခန့်မှန်းရခက်သည့် အပြုံးတစ်ချက်ကို ပြုံးလိုက်မိရင်း …

“အတွေ့အကြုံဟာ သိပ်ကောင်းတဲ့ ကျောင်းတော်ပဲ။ ဒါပေမဲ့ သင်တန်းကြေး ကြီးလွန်းတယ်တဲ့”

‘ညီညီ’ က ဘာမှ ပြန်မပြောတော့ပဲ တွေငိုင်သွားသည်။ ထိုအချိန်မှာပင် လေစီထဲမှာ လွင့်မျောပါလာ သည့်ပိတောက်ရနံ့ သန့်ခနဲ သူရှူရှိက်လိုက်ရသည်။ လူများ၊ ခွေးလေခွေလွင့်များ၊ လမ်းလျှောက်နေသော ခြေထောက်များ၊ မော်တော်ကားများ၊ ရပ်ကျန်ခဲ့သော စည်းရိုးမှတ်တိုင်များ၊ ဆူညံသော အသံဗလံများနှင့်အတူ သူနှင့် ညီညီ လူချင်းကွဲသွားလေသည်။

(၄)
သစ်ကိုင်း၊သစ်ရိုင်းကလေးများ ယိုင်ကျဲပေါက်ရောက်နေရာ လမ်းကလေးထဲသို့ သူလျှောက်သွားသော အခါ ပုစဉ်းရင်ကွဲ တစ်ကောင်က အချိန်အခါမဟုတ် စူးစူးဝါးဝါး ထအော်၏။

လမ်းကလေးသည် တိတ်ဆိတ်၏ ။ ပိတောက်ရွက်ကြွေတို့က လမ်းနံဘေးတစ်လျှောက်မှာ ပါးပါးလျလျ ဝပ်စင်းနေကြ၏။ လမ်းကလေးအဆုံး၌ အဖြူရောင် ရှပ်အင်္ကျီကလေးနှင့် ရှင်းသန့်စင်ကျယ်နေသော ညီညီ့ကို တစ်ကိုယ်တည်း ဆော့ကစားလျက် တွေ့ရ၏။

ညီညီက မြေပေါ်မှာစက်ဝိုင်းလေးတစ်ခုကို တုတ်နှင့်ရေးဆွဲနေရမှ သူ့ကို မော့ကြည့်၏ ။ သူကပြုံးရယ်ပြ ရင်း… ငုံ့ကိုင်းနှုတ်ဆက်လိုက်၏ ။

“ညီညီ ကစားနေတာလား…”

ညီညီက ခြောက်နှစ်သားရှိပြီ ဖြစ်၏။ ကျောင်းမှာ စာသင်ခါစ အရွယ်ပင် ရှိဦးမည်။ သူ့ကို မျက်တောင်များ တဖျတ်ဖျတ် ပုတ်ခတ်ကာ မော့ကြည့်ရင်း …

“စာဖတ်တတ်ထားဟင်…”

သူက ခေါင်းမညိတ်၊ ခေါင်းမခါ။

“ဘယ်နှတန်းရောက်ပြီလဲ …”

သူရယ်မောမိလိုက်၏။ သူ့ရယ်သံက အတန်ငယ်ရှည်လျားသွားသဖြင့် ညီညီက ဆုံးအောင်မစောင့်နိုင်ဘဲ ထပ်မေးသည်။

“ဘယ်နှတန်းရောက်ပြီလဲ ဟင်…ဟိုး ဆယ့်လေးငါးတန်း အထိလား…”

“အင်း … ဟုတ်တယ်…”

ညီညီက လက်ညိုးလေးထောင်ပြီး ဆက်မေးသည်။

“ဘွဲ့ကြီးရလား…”

“ဘွဲ့တော့မရလိုက်ပါဘူးကွာ… ဘာဖြစ်လို့လဲ ညီညီဘာပြောချင်လို့လဲ…”

သူက ထိုသို့စကား ထောက်လိုက်မှ ညီညီက သူ့မူလကိစ္စကို ပြန်သတိရသွားသလို …

“ဒီမှာကြည့်…”

လက်ထဲမှာ ကိုင်ထားသော တုတ်နှင့် မြေပြင်ပေါ်မှာသူရေးဆွဲထားသော စက်ဝိုင်းကို ညွှန်ပြကာ

“ဝ…လုံး…”

“သြော်…ဒါ ဝလုံးဆွဲတာလား…”

“ဟုတ်တယ်…ဝလုံး…”

“ညီညီ့ ဝလုံက ဝိုင်းသားပဲ အကြီးကြီး…”

“အဲဒါမေးမလို့”

ညီညီ့စကားကြောင့် နှာခေါင်းကို လင်နှင့် ပွတ်သပ်က ပြုံးယောင်ယောင်ဖြစ်မိရင်း…

“ဘာမေးမှာလဲ ညီညီရဲ့ …”

“ဝလုံးကို ဘယ်က စဖတ်ရလဲ”

“ဟင်…”

“ဝလုံးကို ဘယ်ကစဖတ်ရလဲလို့”

ဝလုံးကို ဘယ်က စဖတ်ရမလဲ..သူကြောင်အ နေစဉ် လေတစ်ချက် တဝှေ့ဝှ့ သက်၏။ ပိတောက်ရွက် ကြွေများ မြေပေါ်မှာ ဖွာဆန်ကြဲသွားသည်။

“ဟင် … မသိဘူးလားလို့…”

သူဘာမှ ပြန်မဖြေဖြစ်။ ညီညီက အလို မကျသလို ခြေဆောင့်ကာ-

“ဒါလေးတောင်မသိဘူးတဲ့ ကျောင်းကြီးလည်း တက်လာသေးတယ်။ အမေ့ကိုပဲ မေးတော့မယ်”

ထို့နောက် ညီညီက နောက်ဘက်ခြံဝင်းလေးထဲ သို့ မျက်နှာမူလိုက်၏ ။

“အမေ…”

“……….”

“အမေကြီးရေ”

“……….”

“မေ… မေမေ…”

(၅)
အိမ်ကလေး၏ တံခါးဝဆီမှ အသံထွက်လာ၏။

“သားငယ်လား ..”

ထို့နောက် အပြင်သို့ တစ်ဦးထွက်လာကာ

“ဟဲ့ … သားငယ်”
ကပျာကယာ သူ့အနီးသို့ ချဉ်းကပ်ရောက်လာပြီး သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်၏။ ကြည်နူးဝမ်းသာသော အသံဖြင့် …

“သားသား ညီညီ တစ်ယောက်ထဲလား … ဘယ်သူမှ မပါဘူးလား … ရထားတောင်ဆိုက်သွားပြီကိုး၊ သားက ကြိုအကြောင်းမကြားဘူးကွယ်။ အမေတောင် ညက သားကို သတိရနေတာ။

ထို့နောက် အိမ်ရှေ့လမ်းပေါ်မှာ ရထားလက်မှတ်ကလေးကိုင်ပြီး ရပ်နေဆဲဖြစ်သည့်သူ့ကို ခြံထဲဆွဲခေါ်၏။

“လာ … လာ … အထဲဝင်လေ… ဈေးထဲကလူတွေကတောင် မနေ့ကပဲ ညီညီ့ကို သတိရလိုက်တာလို့ ပြောနေကြသေး တယ်၊ သားရဲ့။

သူ လိုက်ဝင်၏ ။ အမေ့အိမ်သည် ငြိမ်းအေးတည်ကြည်လျက်ပင် ၇ှိသည်။ အမေ သူ့ခရီးဆောင်အိတ်ကို တနေရာ သို့ယူသွား၏။ သူ့ရင်ခွင်သည် ကြည်လင်လန်းဆန်းလာ၏။

“အမေ …”

“ဟေ … ဟား”

အမေ့အသံက နောက်ခန်းထဲမှ ထွက်လာခြင်းဖြစ်၏။ သူ့ကြောင့် အမေ အလုပ်ရှုပ်သွားပြီး ပျော်လည်း ပျော်နေသည်။

“သားငယ် … ဘာတုန်း …”

“သားတို့ ပိတောက်ပင်ကြီး ပွင့်ပြီလား”

“ဟဲ့ ဘယ်ပွင့်ဦးမလဲ သားရဲ့ ဒါပေမဲ့ အဖူးတွေကတော့ ဝေလို့ပဲသားရေ .. ပွင့်တာကတော့ ပွင့်တော့မယ်။နှစ်လည်း မကူးသေးဘူး။ သား သင်္ကြန်အမီ ပြန်ရောက်လာတာ အတော်ပဲ၊ နှစ်သစ်ကျရင် အမေနဲ့ သားနဲ့ ……………………………………………………………………… ”


အမေဆက်ပြောနေသည်များကို သူ မကြားတော့ပေ။ အိမ်ရှေ့ ကွပ်ပစ်မှာ လှဲလျောင်းရင်း မျက်လုံးအစုံကို မှိတ်လိုက်၏။ ကြေကွဲခဲ့ရသည်တို့ ကိုလည်း ပျယ်လွင့်မှုန်ဝါး၊ နာကျင်ခဲ့ရသည်များကို မေ့လျော့သွားသည်။

ထို့နောက် … ငြိမ်းချမ်းနှစ်ခြိုက်စွာ သူအိပ်ပျော်သွား၏။ သူ့အိပ်မက်ထဲမှာ ပိတောက်တွေ တစ်ပင်လုံး ဝေနေအောင် ပွင့်နေလေသည်။

(တာရာမင်းဝေ)


မှတ်ချက်။ ။ ဆရာတာရာမင်းဝေ၏ အထက်ပါ ၀တ္ထုတိုကို အီးမေးလ်မှတဆင့် ပေးပို့လာသူကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။
ad

ဆရာတာရာမင်းဝေ နောက်ဆုံးရေးသားခဲ့သည့်ကဗျာ

ad
ဒီကဗျာလေးအတွက် ကိုအောင်ဒင်ကို ကျေးဇူး အထူးတင်ရှိပါတယ်။