(၁)
စမ်းရေပေါ်မှာတင်ပြီး စက္ကူလှေတို့ကို
နေ့စဉ်ရက်ဆက် ကျွန်တော်မျှောခဲ့ပါသည်။
ကျွန်တော့်အမည်နှင့် ကျွန်တော်ကျေးရွာကိုလည်း
စက္ကူလှေပေါ်မှာ စာလုံးနက်နက်ဖြင့် ရေးခဲ့သည်။
တစ်ကျွန်းသား၊ တစ်ပြည်သားတို့သည်
ထိုသို့ဖြင့်
ကျွန်တော့်ကို သိလာကြလိမ့်မည်ဟု မျှော်လင့်၏။
ခြံမှာပွင့်သည် ဆိတ်ဖလူးပန်းတို့ကိုလည်း
လှေငယ်ပေါ်မှာဆင့်တင် မျှောလွှတ်ခဲ့၏။
အရုဏ်ဦးမှာပွင့်သော ထိုပန်းတို့သည်
ညဥ့်အချိန်မှာတော့ ကမ်းကို ဆိုက်ရောက်လိမ့်မည်ဟု
ကျွန်တော်ထင်သည်။
ကောင်းကင်သို့ ဦးမော့ကြည့်သောအခါ
ဖြူဆွတ် ရွေ့မျောနေသော တိမ်ရွက်များကို
ကျွန်တော်မြင်၏။
ကျွန်တော်နှင့်ပြိုင်ရန် ကျွန်တော့် စက္ကူလှေများနှင့်ပြိုင်ရန်
ကစားဖော်တစ်ဦးဦးက
သူတို့ကို လွှတ်တင်လိုက်ခြင်းဖြစ်မည်။
မည်သူမှန်းတော့ ကျွန်တော်မသိချေ။
သန်းခေါင်ယံ၏ ကြယ်ရောင်ပျပျအောက်မှာ
ကျွန်တော့်လှေတို့သည် လွင့်မျှောလှပနေလိမ့်မည်။
ထိုသို့ပင် အတွေးနှင့် အိပ်ယာဝင်ဖြစ်သည်။
အိပ်မွေ့ချတတ်သော နတ်သမီးကလည်း
အိပ်မက်ခြင်းတောင်းကြီးများကို ပိုးကာ
ကျွန်တော့်လှေများနှင့်အတူ
ရွက်လွှင့်နေဦးမည်ဖြစ်သည်။
(၂)
ကျွန်တော်နှင့် တရွေ့ရွေ့နီးကပ်ရာသို့
မည်သည့်အချိန်မှ စတင်ပြီး သူ လာခဲ့ပါသနည်း။
ကျွန်တော် မသိခဲ့ချေ။
နေ၀န်းနှင့် ကြယ်ရှုးကြယ်ပျောက်များကလည်း
သူ့ကို ကျွန်တော်မမြင်အောင် သိုဝှက်နိုင်ခြင်းမရှိခဲ့။
နံနက်ဦးပေါင်းများစွာ၊ ညနေရီပေါင်းများစွာ
သူ့ခြေသံကို ကျွန်တော်ကြားနေရသည်။
ကျွန်တော့် နှလုံးအိမ်ထဲသို့
သူ့စေတမန် ၀င်ရောက်လာ၏။
ထို့နောက် ကျွန်တော့်ကို
တိတ်တိတ်ကလေး ခေါ်လေသည်။
ထိုသောနေ့မှာမှ အဘယ့်ကြောင့်
ကျွန်တော့်ဘ၀သည်
လှုပ်လှုပ်ယိမ်းယိမ်း ဖြစ်ရပါသနည်း။
ပျော်ပျော်လွင့်လွင့် တုန်ရီခံစားမှုတို့ကလည်း
အဘယ့်ကြောင့် ကျွန်တော့်နှလုံးအိမ်ကို
ဖြတ်ဖောက် စီးဆင်းသွားပါသနည်း။
ကျွန်တော်မသိချေ။
အိမ်ပြန်ရမည့် အချိန်မှာပင်လျှင်
လေမှာစီးပျံ့သော ချစ်သူရနံ့ကို သန့်သန့်ကလေး
ရနေလေတော့၏။
(၃)
သူ့အမွှေးရနံ့နှင့်သူ ရူးသွပ်ပြီး
တောကြီးမျက်မည်းမှာ ပြေးလွှားနေရသည့်
ကတိုးကောင်လို
ကျွန်တော်လည်း ပြေးလွှားနေမိ၏။
ထိုညသည် မေလ ညတစ်ညဖြစ်၏။
ပြေညင်းသော လေကလည်း
တောင်အရပ်မှ စီးဝင်တိုက်ခတ်လာ၏။
ဝေ့လည်ဝဲချာပြီး
ကျွန်တော် လမ်းပျောက်သွားတော့သည်။
ကျွန်တော်သည်
မရနိုင်တာကို ရှာဖွေပြီးသည်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။
ကျွန်တော် တစ်ကိုယ်ရေ နှလုံးသားနိမိတ်ပုံများသည်
မြူးတူးခုန်ပါက်နေကြ၏
စူးလက်ပြိုးဝင်းနေခဲ့၏။
ဖမ်းဆုပ်ကိုင်တွယ်ဖို့ ကျွန်တော် ကြိုးစားသော်လည်း
လွတ်ချော် ထွက်မြောက်သွားခဲ့၏။
မှားသောလမ်းသို့ ခေါ်ပို့သည်။
ကျွန်တော်သည် မရနိုင်တာကို ရှာဖွေပြီးသည့်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။
(၄)
ချစ်သူကသာ ခွင့်ပြုမည်ဆိုလျှင်
ကျွန်တော်တေးသွားကို
ရပ်ထားလိုက်ပါမည်။
ချစ်သူ နှလုံးအိမ်ကို ရုန်းကစေမည်ဆိုလျှင်
ကျွန်တော့်မျက်လုံးများကို
သူ့မျက်နှာမှ အဝေးသို့ ဖယ်ခွာပေးပါမည်။
ကျွန်တော်ရှိနေသည့် အတွက်ကြောင့်
ချစ်သူသည် သွားလမ်းမှာ ပင်ပမ်းရသည်ဆိုလျှင်
ဘေးဘီကို ရောက်သည်အထိ
အခြားလမ်းမှ ကျွန်တော် လျှောက်ပါမည်။
ချစ်သူ ပန်းကုံးသီရန်
အနှောင့်အယှက် ဖြစ်ရသည်ဆိုလျှင်
သူ ပန်းတောမှ ဝေးရာသို့
ကျွန်တော် ယို့ယိမ်းထွက်ခွာပေးပါမည်။
ချစ်သူ ရေပြင်အလျင်ကို
လှိုင်းတို့ဖြင့် တိမ်းမှောက် ပျို့အန်စေသည်ဆိုလျင်
သူ ကမ်းခြေမှ
ကျွန်တော့် လှော်တက်ကို လွှတ်ချလိုက်ပါမည်။
(၅)
မီးအိမ်ကားငြိမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ပြင်းရှစွာတိုက်ခတ်နေသောလေမှ
လူးလွန့်လွတ်မြောက်နိုင်ရန်အတွက် ၀တ်ရုံကိုဖြန့်ပြီး
သူ့အတွက်
ကျွန်တော် ကွယ်ကာ ပေးခဲ့သည်။
ထို့ကြောင့်ပင်လျင်
မီးအိမ်ကားငြိမ်းခဲ့ရ၏။
မုံပန်းကား နွမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ကျွန်တော် နှလုံးအိမ်အတွင်းမှာ
ချစ်မြတ်စွာ သူ့ကို
ဖိကပ် သိမ်းဆည်းထားခဲ့၏။
ထို့ကြောင့်ပင်လျင်
မုံပန်းကား နွမ်းခဲ့သည်။
စမ်းရေကား ခမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
သူ့ရေစီးကြောင်းကို ဖြတ်တောက်ကာ
ကျွန်တော့်အတွက် ရေကာတာ တစ်ခုတည်ဆောက်ခဲ့၏။
ထို့ကြောင့်ပင်လျင်
စမ်းရေကား ခမ်းခဲ့သည်။
စောင်းကြိုးကား ပြတ်ခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ဤစောင်းကား မတတ်မြောက်သော ဂီတကို
ကျွန်တော့်အတွက် ဆွတ်ယူခြွေချခဲ့ပါ၏။
ထို့ကြောင့်ပင်လျင်
စောင်းကြိုးကား ပြတ်ခဲ့သည်။
(၆)
ကျွန်တော် ရွက်လွှင့်ထွက်ခွာရတော့မည်။
ကြေကွဲ လှိုက်မောဘွယ်ရာ ကာလများသည်
ကုန်းမြေပေါ်မှာ ပဲ့ကြွေကျန်ရစ်ခဲ့ပြီ။
နွေဦးရာသီသည် ပန်းတို့ကိုပွင့်အောင်
ဖွင့်ပေးခဲ့သည်။
ယခုကား အနားယူလေပြီ။
ကျွန်တော့်မှာသာ ရင့်ရော်သော ပန်းတစ်ဆုပ်နှင့်
အိမ်မပြန်နိုင် ဖြစ်ရသည်။
လှိုင်းတွေက ညိုးညံရိုက်ဟီးလေပြီ။
ကမ်းပါးကို သွယ်ပတ်ထားသည့်
သစ်ရိပ်ဝေေ၀ လမ်းကလေးတွင်လည်း
ရော်ရွက်တို့ ပြုတ်ကျလာပြီ။
မိတ်ဆွေဘာကြောင့် ငေးငိုင်နေပါသနည်း။
သင့်အကြည့်တို့က ဘယ်ဆီမှာ စိုက်ဝင်နေသနည်း။
ကမ်းတစ်ဖက်ဆီမှမျောလာသောအဝေးတေးသံနှင့်
လေထုမှာ စိုးဆွတ်ပါဝင်လာသည့်ရင်ခုန်သံကို
သင်...
မခံစားရလေသလော...
(၇)
နေ၀င်တော့မည်။
အရိပ်တို့လည်း မြေဆီမှာ ညွတ်တွားကြပြီ။
ချောင်းသို့သွား၍ ခရားတွင် ရေဖြည့်ရန်
ကျွန်တော့်အတွက်တော့ အချိန်တန်ပြီ။
ညနေခင်းလေသည်
ချောင်းရေ ဂီတမှုန်ရီကို ခုံမင်နေ၏။
ကျွန်တော့်ကို
နေ ရွှေခြည်မျှင်ထဲသို့ တိုးဝင်ရန် ခေါ်နေ၏။
တိတ်ဆိတ်သောလမ်းမှာ
လာသူ သွားသူတို့ မရှိကြချေ။
လေထန်၏။
မြစ်ထဲမှာ လှိုင်းတွေ ဝေ့လိပ်ချီကြွနေ၏။
အိမ်သို့ ပြန်နိုင်ပါမည်လော။
မည်သူနှင့် ဆုံတွေ့ခွင့် ရနိုင်မည်ကိုလည်း
ကျွန်တော်မသိ။
ရေတိမ်ဆိပ်မှ လှေငယ်တစ်စင်းပေါ်မှာ
အမည်မသိသူ တစ်ယောက်က
ပုလွေသံကို ပေးနေလေသည်။
(၈)
ဦးညွှတ်ကာ
အားလုံးကို ကျွန်တော်နှုတ်ဆက်ခဲ့ပါသည်။
ညီအစ်ကိုတို့
ကျွန်တော့်အားလည်း မေတ္တာပို့ကြပါလေ။
ဟောဒီမှာ
ကျွန်တော့်ရဲ့ အိမ်သော့ကို ပြန်ပေးခဲ့ပါပြီ။
ပိုင်ဆိုင်ရာအားလုံးကိုလည်း စွန့်ခဲ့ပါပြီ။
ကြင်နာခြင်းနှင့် ပြန်လည်နှုတ်ဆက်ခြင်းကိုသာ
သင်တို့ထံမှ တောင်းဆိုလိုပါသည်။
ကျွန်တော်တို့သည် အိမ်နီးချင်းများအဖြစ်
နှစ်ပေါင်းကြာခဲ့၏။
ကျွန်တော်ကားအပေးထက်၊ အယူများခဲ့သည်။
နံနက်ခင်း အလင်းသည်
ကျွန်တော်ထွန်းသော အမှောင်ထောင့်ချိုးမှ
မီးအိမ်ကို ငြိမ်းစေ၏။
ခေါ်သံကို ကြားရလေပြီ။
ကျွန်တော်သည်လည်း
သွားရန် အသင့်ဖြစ်ချေပြီ။
(၉)
အိုဘုရားသခင်
စိတ်အာရုံအစဉ်တို့၌ စီးဝင်ကာ
လောကကို သင့် ခြေတော်ရင်းမှာ
ထိတွေ့ရပါလို၏။
ကျွန်တော် ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
စီးသွယ်ခြင်းမရှိသော မိုးရိပ်များဖြင့်
နိမ့်ဝပ်တွဲခိုသော ဂျူလိုင်တိမ်တစ်ဆုပ်လို
ကျွန်တော့်စိတ်နှလုံးသည် သင့်တံခါးဝတွင်
တွဲခို ရပါလို၏
ကျွန်တော်ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
ကျွန်တော်
ဂီတရစ်သမ်အထပ်ထပ်ကို
တစ်ခုတည်းအဖြစ်
ရုန်းစုသွယ်ဆက်ကာ တိတ်ဆိတ်သောပင်လယ်မှာ
စီးပျော် ၀င်ရောက်ရပါလို၏။
ကျွန်တော်ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
တောင်ပေါ်မှာ
မိမိ အသိုက်ရှိရာသို့
နေ့ရော ညပါ
ပျံသန်းလိုက်ပါလာသည့် ကြိုးကြာအုပ်နှယ်
ကျွန်တော့်ဘ၀သည်လည်း
နားခိုရာဆီ ခရီးဆက်နိုင်ရပါလို၏
ကျွန်တော် ဦးနှိမ်ချပါ၏။
ကျွန်တော် ... ဦးနှိမ်ချပါ၏။
(ဆရာတာရာမင်းဝေ ရေးတဲ့ “ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လက်” ဆိုတဲ့စာအုပ်လေးထဲက ကဗျာလေးတစ်ပုဒ်ပါ။ အီးမေးလ်ဖြင့်ပေးပို့လာသူ မဝေလင်းကို ကျေးဇူးတင်ရှိပါတယ်။)
သူ့ကို စသိတာ ပြည်မြို့က မြေစိုက် စာအုပ်အငှားဆိုင်ကလေးမှာ ဖြစ်သည်။ ‘ကြယ်သီချင်းနဲ့ လမင်းသံစဉ်’ လုံးချင်းစာအုပ်ကလေးကနေ စသိခဲ့ရခြင်းဖြစ်သည်။ သူ့နာမည်၏ ထူးခြားမှုနှင့် စာအုပ်အပြင်အဆင်က ပထမဆုံး ကျွန်တော့်ကို ဆွဲဆောင်သည်။ နောက်တော့ သူ့စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ကျွန်တော် ဖတ်ဖြစ်လာသည်။ တစ်ခါတစ်လေ ကျွန်တော့်လက်ထဲမှာ သူ့စာအုပ်က တစ်အုပ်မက သုံးလေးအုပ်။ ကျွန်တော်က သူ့စာအုပ်တွေကို စထွက်ထွက်ချင်းကတည်းက ဖတ်မိသူမဟုတ်။ ထို့ကြောင့် ထွက်ပြီးသား မဖတ်ရသေးသော သူ့စာအုပ်တွေကို ရှာဖတ်ရသည်။ အသစ်ထွက်မည့် စာအုပ်များကိုလည်း အငှားဆိုင်ရောက်တိုင်း မေးရပြန်သည်။ ထိုစဉ်က ကျွန်တော့် အသက် ၁၇ နှစ်။ သူသည် ကျွန်တော့်အပေါ် ကာလအတော်ကြာအောင် လွှမ်းမိုးထားခဲ့သည်။ ထိုနှစ်များအတွင်း ကျွန်တော်ပြောသော စကားအများစုတွင် သူ့ဝတ္ထုများနှင့် သူ့ဇာတ်ကောင်တို့၏ အတွေးအခေါ်များက ဘေးလူ အမြင်ကတ်ရလောက်အောင် နေရာယူခဲ့ဖူးသည်။ ထိုအချိန်က ခေတ်ပညာတတ် လူငယ်ထုသည် သူ့ဇာတ်ကောင်များ၏ ထူးခြားသော အယူအဆများနှင့် ကင်းလွတ်သူမရှိ။ အခြားတစ်ဖက်တွင်လည်း သူ့ဝတ္ထုများအပေါ် နားလည်ခြင်း နားမလည်ခြင်း အသံများက ပွက်လောရိုက်နေပြန်သည်။ ဘာပဲဖြစ်ဖြစ် သူသည် စာပေအနုပညာနှင့် ပတ်သက်လာရင်တော့ နတ်ဘုရားငယ်တစ်ဆူ ဖြစ်သည်ဟု ကျွန်တော်ယူဆထားသည်။ `မိုးခေါင်လို့တီးတဲ့ ဗုံသံ´ ကဗျာစာအုပ်ကို ကျွန်တော် သန်လျင်မှာ အေဂျီတီအိုင်တက်နေစဉ် သူငယ်ချင်းမတစ်ယောက်ဆီကနေ ငှားဖတ်ခွင့်ရသည်။ စာအုပ်ဆိုင်တွေမှာ ၀ယ်မရတော့သောကြောင့် ထိုစာအုပ် တစ်အုပ်လုံးကို ကျွန်တော် မိတ္တူကူးယူထားခဲ့သည်။ နောင်နှစ်တွေကြာသောအခါ ထိုစာအုပ် ဒုတိယအကြိမ်ပြန်ထွက်ရာ ကျွန်တော် ထပ်မ၀ယ်ဖြစ်တော့။ သူ့ကဗျာအများစုကို ကျွန်တော်ကြိုက်သည်။ သူ၏ လူသိပ်မသိသော လုံးချင်းအဖြစ် မထုတ်ဖြစ်ခဲ့သော မဂ္ဂဇင်းကဗျာများကိုလည်း ကျွန်တော်ကြိုက်သဖြင့် ကူးယူသိမ်းဆည်းဖြစ်သည်။ ၀တ္ထုဖြစ်စေ ကဗျာဖြစ်စေ သူက ထူးခြားစွဲမက်ဖွယ် ကိုယ်ပိုင်ဟန်ဖြင့် ရေးဖွဲ့နိုင်သည်။ သို့ရာတွင် ရိုးသားမှုကိုတော့ အမြဲတမ်း နောက်ခံထားတာ တွေ့ရတတ်၏။
( ၂၀၀၃ ) ခုနှစ်မှာ သူနှင့်ကျွန်တော် လူချင်းဆုံခွင့်ရသည်။ `ကြယ်ကိုးစင်းနဲ့ လင်းတဲ့ကောင်းကင်´ စာအုပ်ထွက်ရှိပြီးစဉ်က ဖြစ်သည်။ ထိုစာအုပ်တွင် သူနှင့်ကျွန်တော်အပါအ၀င် တခြားစာရေးဆရာ ( ၅ ) ယောက်လည်း ပါဝင်ရေးဖွဲ့ထားကြသည်။ ထိုစဉ်က သူ့အိမ်မှာ မြောက်ဥက္ကလာပ၊ ကျောက်ရေတွင်းမှာ ဖြစ်သည်။ အေးချမ်းတိတ်ဆိတ်သည့် အနီရောင်ဘက် အနည်းငယ်ပါသော နှစ်ထပ်တိုက်ကလေး။ အမှန်က သူနှင့်တွေ့လောက်စရာအကြောင်း ကျွန်တော့်မှာ ဘာမှမရှိ၊ စာအုပ်ထုတ်ဝေသူ စန်းမွန်အောင် ( မြေမှုန်လွင် )နှင့် အဖော်အဖြစ်လိုက်ရင်း သူ့ကို တွေ့ဖူးရုံလောက်သာ။ ကျွန်တော်တို့ရောက်တော့ လတ်တလော ထွက်ရှိပြီးသား သူ၏ လုံးချင်းစာအုပ်ပုံကြီးကြားမှာ ထိုင်ကာ ကျွန်တော်တို့ သူနှင့်စကားပြောကြသည်။ သူနှင့် စန်းမွန်အောင်တို့ ပြောကြတာဆိုလျှင် ပိုမှန်မည်။ ကျွန်တော်က ဘေးမှနေ၍ သူတို့ပြောသမျှ ထိုင်နားထောင်ရုံသက်သက်။ ထိုကတည်းက သူ့ကိုကြည့်ရသည်ကို ကျွန်တော် အားမရ။ သူက ကျွန်တော်မျှော်လင့်ထားသလို ပုံစံမျိုးမဟုတ်။ သူ့ဇာတ်ကောင်တွေလိုမျိုး သူ့ကို ရင်းနှီးကြည့်လို့မရ။ သူက အနေတည်လွန်းသည်။ အပြုံးအရယ် မရှိ။ နိုင်ငံ့လက်ရွေးစင် ဘောလုံးသမား ဖြစ်ချင်သည်ဟု အင်တာဗျူးတစ်ခုမှာ သူပြောဖူးပေမယ့် သူ့မှာ ဘောလုံးသမားလို ကြံ့ခိုင်မှုမျိုး မတွေ့ရ။ ဘယ်တော့မှ မမေ့ပျောက်နိုင်သော ရင်တွင်းဒဏ်ရာတစ်ခု ရထားသူတစ်ယောက်၏ ခံစားချက်မျိုးကိုသာ သူ၏ သာမန်ထက် နည်းနည်းပိုရောင်နေသည့် မျက်နှာပေါ်တွင် တွေ့ရ၏။ တစ်ကြိမ်မှာတော့ သူက စာအုပ်ကို ကိုင်ကြည့်ရင်း စာရေးဆရာနာမည်တွေ ရွတ်သည်။ ကျွန်တော့်နာမည်ရောက်တော့ သူက ထပ်ကျော့ကာ သုံးကြိမ်လောက် ပြန်ရွတ်နေသည်။ ပြီးမှ `လွန်းဆက်နိုးမြတ် ဆိုတာ ဘယ်သူတုန်း´ ဟု စန်းမွန်အောင်ကို လှည့်မေးသည်။ စန်းမွန်အောင်က ကျွန်တော့်ကို ပြမှ သူ ကျွန်တော့်ကို အံ့သြစွာ ကြည့်သည်။ ထိုအချိန်တုန်းက ကျွန်တော့်ကဗျာ မဂ္ဂဇင်းမှာ လေးပုဒ်သာ ဖော်ပြခံရသေးသည်။ ထို့ပြင် အခုချိန်လိုမျိုး ကျွန်တော်နှင့် နာမည်ဆင်တူ စာရေးဆရာများလည်း တစ်ယောက်မှ မရှိသေး။ ဒါက သူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှု။
သည်လိုနှင့် တမေ့လောက်ကြာသောအခါ သူ့ဆီကို စန်းမွန်အောင်နှင့်ပဲ ထပ်ရောက်ဖြစ်ပြန်သည်။ သည်တစ်ခါလည်း သူနှင့်ကျွန်တော် စကားမပြောဖြစ်။ စန်းမွန်အောင်နှင့်သာ အလုပ်အကြောင်း ပြောကြဆိုကြသည်။ သည်ကြားထဲ စန်းမွန်အောင် စီစဉ်ထုတ်ဝေပေးမှုကြောင့် သူနှင့်ကျွန်တော်တွဲကာ စာအုပ်တွေ ထွက်ခဲ့သေးသည်။ တစ်အုပ်က သူရယ် ကျွန်တော်ရယ် ဦးမင်းလူ(မင်းလူ)ရယ် `ကြယ်စုံသစ်ပင်´။ နောက်တစ်အုပ်က သူနှင့်ကျွန်တော်နှစ်ယောက်တည်း `ဆံပင်အလယ်ခွဲနဲ့ နက္ခတ်´။
သူ့အကြောင်းတွေးသည့်အခါ ကိုကျော်စိုး (မင်းခိုက်စိုးစန်)၊ ကိုရဲကြီး (သစ္စာနီ)၊ နေမျိုး၊ ဦးမင်းလူ (မင်းလူ)နှင့် ကိုရဲဝင်း (နီကိုရဲ)ကိုလည်း တွဲပြီး သတိရမိတာ ကျွန်တော့်အကျင့်တစ်ခု ဖြစ်နေသည်။ ထိုစာရေးဆရာများထဲမှ နေမျိုးတစ်ယောက်သာ ကျွန်တော်မဆုံဆည်း မရင်းနှီးမိသော်လည်း ကျန်လူများမှာ ကျွန်တော်နှင့် အနည်းငယ်စီ ရင်းနှီးကြသည်။ စာပေလောကမှာ သူနှင့် ကိုကျော်စိုးက ယှဉ်တွဲ၍ လူသိများသည်။ ငြိမ်းအေးအိမ် ထုတ်ဝေသော အရင်က သရဖူမဂ္ဂဇင်းမှ စတင်ကာ သူတို့နှစ်ယောက်ကို စာပေလောကက ယှဉ်တွဲလိုက်ကြခြင်း ဖြစ်ဟန်တူသည်။ ကိုတင်ကိုအောင်၏ အရင်က ဟန်သစ်မဂ္ဂဇင်းတွင်တော့ သူ့ကို နေမျိုးနှင့် မကြာခဏ ယှဉ်တွဲဖော်ပြခဲ့တာ ကျွန်တော်တွေ့ဖူးသည်။ ထို့ကြောင့် သူ့အကြောင်းတွေးမိရင် နေမျိုး ပါလာတတ်တာဖြစ်မည်။ ကိုရဲကြီးကတော့ တစ်ခါတစ်လေ ကျွန်တော်တို့နှင့် စကားပြောရာတွင် ရွှေဘုန်းက… ရွှေဘုန်းက ဟုဆိုကာ သူ့အကြောင်းတွေ ပြောပြတတ်၏။ ကိုရဲဝင်းသည်လည်း သည်အတိုင်း၊ ဦးမင်းလူလည်း သည်အတိုင်းပင် ဖြစ်သည်။ ရွှေဘုန်းက… ရွှေဘုန်းက နှင့် တဖွဖွပြောကာ သူ့ကို ချစ်ကြခင်ကြသည်။ အမှန်က ထိုပုဂ္ဂိုလ်များတင်မဟုတ် စာပေတစ်လောကလုံးက သူ့ကို လေးစားချင်ခင်ကြ၏။ သူ၏ `ပြိုင်မြင်းတို့၏ ခွာသံ´နှင့် `နတ်ဖုရားရုပ်တု´ စာအုပ်များသည် စာပေလောကအတွက် အဖိုးမဖြတ်နိုင်သော အတွေးအခေါ် ဆောင်းပါးများပဲ ဖြစ်သည်။ သူသည် တချို့စာရေးဆရာ၊ ဝေဖန်ရေးဆရာများနှင့် ၀ါဒရေးရာတိုက်ပွဲများကို မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် ဆင်နွှဲခဲ့ဖူးသည်။ ဒါသည် သူ၏ စာပေလှုပ်ရှားမှု ပုံစံတစ်မျိုးဟုသာ ကျွန်တော် နားလည်ထားသည်။ မှန်သည် မှားသည် ကျွန်တော် မပြောတတ်။ ကျွန်တော် ပြောလိုတာက ထိုကဲ့သို့ သူနှင့် ဆန့်ကျင်ကာ စာပေရေးရာ ပြိုင်ဆိုင်ခဲ့သော စာရေးဆရာ၊ ဝေဖန်ရေးဆရာများသည်လည်း သူ့ကို ဘယ်ခါမှ မမေ့လျော့ဘဲ လေးစားချစ်ခင် သတိရနေကြလိမ့်မည်ဆိုတာပင်။
သူ့ဝတ္ထုတွေထဲမှ ကျွန်တော်အကြိုက်ဆုံးက `အရှေ့မြို့ရိုးမှ မိုးရေစက်များ´ ဖြစ်ပြီး ယခင်ကထက် ကျွန်တော့်ကို အနုပညာအကြောင်း အဆင့်တက် နားလည်စေခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည်။ `ပင်လယ်အတုထဲမှ ကျွန်း´လုံးချင်းစာအုပ်နောက်ပိုင်း သူ့လုံးချင်းစာအုပ်များကို ကျွန်တော် မဖတ်ဖြစ်တော့။ ဟိုအရင် သူ့လက်ရာများလောက် နောက်ပိုင်းစာအုပ်များအပေါ် ကျွန်တော် ရင်မခုန်တော့၍ ဖြစ်သည်။ သို့ရာတွင် ကျွန်တော်တို့နောက်မှ လူငယ်ထုသည် သူ့အနုပညာများကို အုံလိုက်ကျင်းလိုက် တပ်မက်ငြိတွယ်ဆဲပင်။ ကျန်းမာရေးမကောင်းသော်လည်း လုံးချင်းဝတ္ထုနှင့် အခြားစာများကို သူအဆက်မပြတ် ရေးသားနိုင်တာ တွေ့ရသည်။ သူ့ဘ၀၏ နောက်ပိုင်း အချိန်များတွင် ကျန်းမာရေး မကောင်းသောကြောင့်ပဲလား၊ ကျွန်တော်ကပဲ သူ့ဆီက အနုပညာကို လောဘကြီးမိလို့လားမသိ၊ သူ့စာပေလက်ရာတွေက အရင်ကလောက် အနုပညာအား မပါတော့ဟု ထင်မိသည်။ ထိုအထင်က ကျွန်တော်တစ်ယောက်တည်း မဟုတ်မှန်း သူနှင့် ကိုဝေမှူး တွဲထွက်သော `ကြက်ခြေခတ်နှစ်ခု´ စာအုပ် အမှာစာတွင် ကိုရဲကြီးက သူ့အပေါ် မချိတင်ကဲ ကရုဏာဒေါသဖြင့် ရေးသားထားသည်များကို ဖတ်လိုက်ရတော့ ပိုသေချာသွားခဲ့သည်။ သို့ရာတွင် သူ၏ အနုပညာအားနည်းသော ထိုနောက်ပိုင်း လက်ရာတချို့ကိုတောင် ကျွန်တော်အပါအ၀င် ကျွန်တော်တို့မျိုးဆက်မှ လူငယ်စာရေးဆရာများမှာ မှီအောင် ရေးသားနိုင်စွမ်းမရှိကြ။
ထိုသို့ဖြင့် သူနှင့်ကျွန်တော် တတိယအကြိမ် ဆုံကြပြန်သည်။ သည်တစ်ခါတော့ ဟိုအရင်အကြိမ်တွေနှင့် ကွဲပြားသွားသည်။ သူက ကွယ်လွန်ပြီးသူတစ်ယောက်အဖြစ် မှန်ခေါင်းတလားထဲမှနေ၍ ကျွန်တော့်ကို နှုတ်ဆက်သည်။ သူ့ဈာပနသည် နိုင်ငံရေးလောက၊ စာပေ၊ ရုပ်ရှင်နှင့် ဂီတလောကမှ လူများဖြင့် အထူးစည်ကားခဲ့သည်။ သူကွယ်လွန်ပြီးနောက်ပိုင်း သူ့အကြောင်း လူတော်တော်များများက စာတွေရေးကြ၊ ကဗျာတွေ ဖွဲ့ကြသည်။ ထိုကာလက စာနယ်ဇင်းတစ်ခုမှ သူနှင့် စာအုပ် တွဲထုတ်ဖူးသူများကို သူ့အကြောင်း အမှတ်တရရေးသော စာမူများတောင်း၍ အထူးကဏ္ဍအဖြစ် ဖော်ပြကြရာ ကျွန်တော့်ဆီတော့ လာမတောင်းကြ။ မတောင်းတာကပဲ ခပ်ကောင်းကောင်း။ ကျွန်တော်က သူနှင့် စာအုပ်(၃)အုပ် တွဲထုတ်ဖူးသည်မှအပ သူနှင့် ကောင်းစွာ ခင်မင်သူမဟုတ်။ စင်စစ် သူ့ကို ညွှန်းဆိုသော ဘယ်စာမှ ဘယ်ကဗျာမှ သူ့ကိုမမှီ။ သူက တစ်ခေတ်မှာ တစ်ယောက်ဖြစ်လာသော စာပေပါရမီရှင်တစ်ယောက်။ နောင်နှစ်ပေါင်းများစွာတိုင်အောင် သူ့လို ထူးချွန်ထက်မြက်သည့် စာရေးဆရာ တစ်ယောက် ပေါ်ထွက်လာဖို့ မသေချာ။
ယနေ့ သူကွယ်လွန်သည့် (၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကိုယ်ပိုင်ပြင်ပမီဒီယာ တစ်ခုတွင် ဖော်ပြရန် စန်းမွန်အောင်မှ ကျွန်တော့်ဆီ တယ်လီဖုန်းဆက် စာမူ တောင်းလာသည်။ ထိုတယ်လီဖုန်း ၀င်လာစဉ်က `ပိတောက်ပွင့်သစ် မဂ္ဂဇင်း´အတွက် `ပင်လယ်များကို ဖြတ်သန်းခြင်း´ ဆောင်းပါးကို ကျွန်တော် ရေးသားနေချိန်ဖြစ်သည်။ စာပေအရှိန်အ၀ါ ကြီးမားသော မဂ္ဂဇင်းတစ်စောင်မှ တလေးတစား တောင်းဆိုသည့် အတွေ့အကြုံ ဆောင်းပါးဖြစ်သဖြင့် ကျွန်တော့်မှာ အချိန်ယူရေးဖို့လိုသည်။ ထို့အပြင် သူ့(၂)နှစ်ပြည့် အထိမ်းအမှတ်စာမူအတွက် စန်းမွန်အောင်က သန်ဘက်ခါ လိုချင်သည် အမြန်ရေးပေးပါဟု ဆိုလာတော့ ကျွန်တော့်မှာ စဉ်းစားရသည်။ ကျွန်တော်က ကွယ်လွန်ပြီးသော ကျွန်တော် လေးစားလောက်စရာ ပုဂ္ဂိုလ်များအတွက် စကားလုံးများဖြင့် လူမြင်ကောင်းအောင် လွမ်းပြရတာမျိုး စိတ်မ၀င်စား။ ခက်တာက ကျွန်တော့်လို ဘာမဟုတ်သည့်ကောင်နှင့် စာအုပ်တွဲထွက်ခွင့် ပြုခဲ့သော သူ့အတွက် အမှတ်တရတစ်ခုခု ကျွန်တော် လုပ်ပေးချင်နေသည်။ နောက်ဆုံးတော့ `ပင်လယ်များကို ဖြတ်သန်းခြင်း´ကို ခဏရပ်ကာ သူ့အကြောင်း ကျွန်တော်မြင်သည့်အတိုင်း ရေးသားရန် ဆုံးဖြတ်လိုက်သည်။ လက်တွေ့မှာ သူ့အကြောင်း ဗြုန်းစားကြီး ချရေးဖို့ရာကျတော့ ကျွန်တော့်စိတ်က ချက်ချင်းမရဲ။ သို့ရာတွင် တကယ်တမ်း ချရေးလိုက်သောအခါ တော်တော်နှင့် ဖြတ်၍မရချင်။ သူ့အကြောင်းက ကျွန်တော့်ရင်ဘတ်ထဲမှာ နှစ်ကာလများစွာ ရှင်းရှင်းလင်းလင်း နေရာယူပြီးထားသောကြောင့်ပဲလား မဆိုနိုင်။ ယခုတော့ ကျွန်တော့်မှာ သူနှင့်ပတ်သက်သမျှ ကုန်စင်သလောက် ရေးသားမိခြင်းဖြစ်ရာ နောက်နောင် သူ့အကြောင်း ထပ်မံရေးသားနိုင်ရန် မလွယ်ကူတော့။ ထို့အတွက်ကြောင့် လက်ရှိစာမူကို စန်းမွန်အောင်အပြင် အခြား သူ့အမှတ်တရ ထည့်သွင်းချင်သည့် မဂ္ဂဇင်း တစ်စောင်စောင်သို့လည်း ထပ်မံပေးပို့ရန် ကျွန်တော်က ဆုံးဖြတ်မိသည်။ သူ့ကို အသေအချာ လွမ်းဆွတ်နေဦးမည့် သူ့ပရိသတ်တစ်ဦးဦး ဖတ်မိသည်ဆိုရင်ပဲ ကျွန်တော် ရေးရကျိုးနပ်နေပြီ။ သူ ကောင်းရာသုဂတိလားပါစေ ဟုလည်း ကျွန်တော်က လှိုက်လှဲစွာ တပါတည်း ဆန္ဒပြုမိသည်။ `အလင်းရောင် ၀တ်စုံသစ်ဖြင့် လာခဲ့သူသည် သူ့အလင်းတို့ကို ရုတ်သိမ်းလျက် ကမ္ဘာမြေမှ ပြန်လည် ထွက်ခွာလေပြီ´ ဤစာသားမှာ သူ့ဈာပန ချသည့်နေ့က ဖြန့်ဝေသော လက်ကမ်းစာစောင်ပေါ်မှ သူ့အတ္ထုပ္ပတ္တိ အကျဉ်းပင် ဖြစ်လေသည်။

လွန်းဆက်နိုးမြတ်
ည ၀၉:၅၅ နာရီ
၂.၈.၀၉
“တ၀က်တပျက်မှတ်တမ်း”
ပထမမြောက် ရဲရင့်ခြင်းအဖြစ်
အမေက ငါ့ကို ဆွဲဖွင့်တယ်
ယမမင်းရဲ့ သြ၀ါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ။
ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချပ်တွေ တစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီ တဲ့။
ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့
ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့…..၀ှက်ထားတဲ့ ဗျတ်စောင်းပါပဲ။
သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းခဲ့ဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့သံများ
နက္ခတ်ဦးလို…..ပျံစေသား ။
တာရာမင်းဝေ
Idea , July 2003
မှတ်ချက်။ အထက်ပါ ကဗျာကို ပေးပို့သည့် ဘလော့ဂါ ကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။

Subscribe to:
Posts (Atom)