သြဂတ်စ်ရဲ့ မိုးရေစက်တွေထဲ
မင်းကတော့ ခွဲခွာသွားခဲ့ပြီ
မှုံမှိုင်းအေးစက်တဲ့ ကောင်းကင်မှာ
ပြိုင်မြင်းတစ်ကောင်ရဲ့ ခွာသံတွေသာ
ပဲ့တင်ထပ်ကျန်ရစ်ခဲ့...။
ညီလေး
မင်းချစ်တဲ့ ဘ၀ကို
မင်းအများကြီး ပြန်ပေးဆပ်ခဲ့
မင်းချစ်တဲ့ လူ့လောကကို
မင်းအနွေးထွေးဆုံး ရှိုက်နမ်းခဲ့
ဒဏ်ရာတွေအပြည့်နဲ့ မင်းရဲ့နှလုံးသားက
သွေးစက်စက်ကျ ငိုညည်းနေတာတောင်.. မှ။
အနုပညာနဲ့ နိုင်ငံရေး
ဘ၀နှစ်ခုစာ မွေးဖွား
ဘ၀နှစ်ခုမှာ ကြီးပြင်း
ဘ၀နှစ်ခုစလုံးကို ပခုံးပေါ်မှာထမ်း
တတ်စွမ်းသမျှ မင်းတာဝန်ယူခဲ့တာ
အင်းစိန်ထောင်ကြီး သိပါတယ်
သရက်ထောင်ကြီး သိပါတယ်
သာယာဝတီထောင်ကြီး သိပါတယ်
“အာလူးစားသူများ” .. သိပါတယ်.. ကွယ်...။
ကံကြမ္မာကို မယုံရဲခဲ့ပေမယ့်
တိုးတိုးလေးဆုတောင်းခဲ့ဖူးပါရဲ့
“တစ်နေ့တော့ ပြန်ဆုံတွေ့ကြမယ်..” လို့
ခုတော့လည်း
ဒီကံကြမ္မာကပဲ
ငါတို့ကို ရက်ရက်စက်စက် .. ခွဲ .. ။
သွားနှင့်ကွယ်
ဘ၀ဆိုတာ တိုတိုလေး .. လို့
မင်းသက်သေ ပြခဲ့ပြီ ...
အဲဒီ.. ဘ၀တိုတိုလေးကိုပဲ
အနက်ရှိုင်းဆုံး ချစ်မက်ကြဖို့
အမြင့်မားဆုံး ပေးဆပ်ကြဖို့
အတောက်ပဆုံး တွယ်ဖက်ရဲကြဖို့
အရိုးသားဆုံး ကြေကွဲတတ်ကြဖို့
မင်း.. ငါတို့ကို သင်ပြခဲ့ပြီပဲ... ။
အောင်ဒင်
0 comments:
Post a Comment