တာရာမင်းဝေ အမှတ်တရ

ဆရာတာရာမင်းဝေ၏ စာမူများ စုစည်းမှု

ပန်းချီမုတ်သုန်ရေးဆွဲသည့် ပုံတူ
Showing posts with label မိုးခေါင်လို့တီးတဲ့ဗုံသံ. Show all posts
Showing posts with label မိုးခေါင်လို့တီးတဲ့ဗုံသံ. Show all posts

ဗျတ်စောင်း ဘာသာဗေဒ

လမ်းခြမ်းအ၀ါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ
ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့ အဖြူ တစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။

ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ ပွင့်ပစ်လိုက်ချင်လို့ပါ။


တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

နှင်းလူ

နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုတ်ကြုတ်ကို ကိုက်မြို ၀ါးစားရင်း
နေ နဲ့လည်း စိတ်ချင်း ဆက်သွယ်ကြည့်တယ်။

ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ်ကို ရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာ ကြာပြီတဲ့။

သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကို ရိုက်ခွဲကြိတ်ထည့်
လွမ်းရင် လိုက်ခဲ့လို့ မှာတယ်။

အဲဒီလိုနဲ့
နွေဦးပေါက် များစွာကို လွန်လေပြီးမှ
ပြန်လည် နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူ ထူတယ်။

ပြီးတော့
သွေးတွေကို တဂျုံးဂျုံး ပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ်၊ ခါးထောက်ရပ်လိုက်တယ်။

ငါ..(သို့မဟုတ်)
နှင်းလူကလေးရဲ့ မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေး ရေးထားမိ
သတိရတိုင်း ပြန်ပြန် ဖတ်ကြည့်လို့ပေါ့။

တာရာမင်းဝေ
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ

တေလေမှတ်တိုင်

ကြယ်တွေ ကြယ်တွေ
သမ်းဝေမှု ချောင်းချောင်းထ
ဟောင်းလောင်းပွင့်နေတဲ့..ည။

ဝိညာဉ်နှင်းမှုန်တစ်စက်
အိပ်မက် မြင်းခွာ အမှတ်(၁၃)
တစ်ယောက်တည်း အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ

ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အို ရှာချင်တဲ့လက်
ကားစင်တင်ပြီး မီးရှို့သတ်မယ်။

လပြည့်ဝန်းရေ
ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ
ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား။

ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။

ကဝေမီးတောက်
ဆောင်းဦးပေါက် အရက်တစ်အိုး
မြူခိုးဝေေ၀ကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ။

တေလေမှတ်တိုင်
မျှော်စင်တွေထက် ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ။


တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

လယ်သူမ

ကျွန်တော့် တောင်ကုန်း ကလေးပါ
အလင်းတွေနဲ့
ခပ်မို့မို့ တည်ဆောက်ထားတယ်။

နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား။
ဖြတ်သန်းပြီးသား တိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။
... ... ...
ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။

နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။

သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။


တာရာမင်းဝေ
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ

ကဗျာရေးသော လူတစ်ယောက်အကြောင်း

အိပ်
ချင်
သော
စိတ်
အိပ်
သာ
အိပ်

အိပ်
သည့်

ခါ
အိပ်
မက်
လာ

အိပ်
ပါ
လျက်
နှင့်
နိုး

သည်။

တာရာမင်းဝေ
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ

တိမ်ဖြူတို့နှင့်အတူ

စိတ်ကြမ်းဘီလူးတို့ ခြေပင်မကျူးသော အရပ်၌
ငါ..မတ်မတ်တည်ခဲ့ချေပြီ။

အို..အချင်းဆွေမွန်တို့
သင်တို့ကြိုဆိုမည်ဆိုလျှင်
အမှောင် နံနက်သို့ပင် အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်။

ထို့နောက်
လောက လေဆန်မှာ ကိုယ့်ကိုကိုယ်အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည်။

တာရာမင်းဝေ
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ

အနုပညာ မှော်ဝင်စားမှု

ကြေးနီရောင်သင်းတဲ့
မြားကျိုးတစ်စင်း ထိမှန်ထားတယ်။

လက်ဖ၀ါးခြေဖ၀ါးမှာ
အမေ ၀တ်ပေးခဲ့တဲ့ အရေခွံတွေ ကျွတ်ကွာကျ
ပန်းရောင်ပျပျကလေး ရှင်းပလာ..။

တကယ်တော့
မြို့ပျက်တစ်ခုပါပဲ
ဒါပေမယ့်.. ဗျတ်စောင်းတစ်လက်ရှိနေလို့
ကိုယ်...ချိုနေမိတယ်။

တာရာမင်းဝေ
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ

ဗဟိုကွဲအား

ဆောင်းခေတ်က ပေးခဲ့တဲ့
မောင်းကွဲသံ ခပ်လေးလေး တစ်ချက်ပါပဲ။
တစ်ယောက်တည်းနေရတဲ့ ငါ့ကို
ဘယ်သူနဲ့မှ မနေရအောင်
ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား...။

နံပါတ်စဉ် မတပ်ရသေးတဲ့
သဲကန္တာရ တစ်ရွက်ပေါ်မှာ ပြိုလဲကျတယ်။

အဲဒီညနေပေါ့
ကောင်းကင်ကို ဆွဲချွတ်ပြီး
မြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ။

ပြီးဆုံးသွားတာ သေချာပါတယ်
နှင်းခိုးတွေ..
ပြီးတော့ ဒိုင်ယာရီချို ခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်။

မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံ့တွေကလည်း ခပ်မြင့်မြင့်ကနေ ပျံသန်း
ငါနဲ့ ငါ့ဖိနပ်ကလေး
သီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတယ်။

တာရာမင်းဝေ
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ

အမည်မသိ

စိတ်ကို ဓါးအိမ်ထဲ ပြန်သွင်းလိုက်တယ်။

ကျွန်တော်ဟာ နဂါးငွေ့တန်းတစ်ခုလို ပြာမှိုင်းသွား
ဓါးအိမ်တစ်လက်ရဲ့ အကျယ်အ၀န်းတောင်
ဘာသံနဲ့မှ မကြားရတော့ဘူး။

တာရာမင်းဝေ
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ

တေလေကလေး

မီးပွိုင့်တွေက
အနီလှိုင်းတွေနဲ့
လွှင့်ထုတ်ပစ်ခတ်ကြတယ်။

လူမိုက်လိုလို
စောင်းနေတဲ့ ဓါတ်တိုင်အိုကြီးက
ကျွန်တော့်ကို ၀င်တိုက်ပြန်ရဲ့

ထင်းရူးပင်ကြီးက
ရှည်လျားချွန်မြတဲ့ သစ်ရွက်တွေ ကွေးကုပ်
ကျွန်တော့ကို လေနဲ့ လိုက်မှုတ်တယ်။

ကျွန်တော်
ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကိုစီးပြီး
လမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့။

တိုက်တာတွေ ဖောင်းကားပျော့အိ
ဓါတ်ပေါင်းဖိုတွေလည်း
မီးခိုးငွေ့တွေပိပြီး ကွေါ်ညွှတ်ခွေယိုင်ကျ
မြေကြီးထဲက
မိုးခြိမ်းသံ တရှဲရှဲ ကြားရတယ်။

တကယ့်ကို ကြောက်စရာပါအမေ
အဲဒီညက
အိပ်မက် နည်းနည်း ရှည်သွားတယ်။

တာရာမင်းဝေ
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ

သီချင်း

နတ်ဆိုးတွေ ငါ့ပန်းရနံ့ကို ရှုရင်းနဲ့ လဲကျ
ကောင်မလေးတစ်ယောက် ငါ့ကိုလွမ်းတဲ့ည

ငါ့ကောင်းကင် နက္ခတ်တွေ ရှက်သွေးရောင်တောက်ပ
ကောင်မလေးတစ်ယောက် ငါ့အမည် ရွတ်တဲ့ည။

ငါ့ပင်လယ် ခဲလုံးတွေ ပြုတ်ကျ
ငါ့ရင်မှာ မီးပြတိုက် ထွန်းရ
ငါတစ်ယောက်တည်း လင်း .. လင်း နေတဲ့ည
ငါတစ်ကိုယ်ထဲ လင်းသွားတဲ့ည။

သူမိုက်တွေ ဆောင်မြဲဓါးကို ယောင်ယမ်းကာ လွှတ်ချ
ကောင်မလေးတစ်ယောက် အဝေးကို ငေးတဲ့ည။

ငါ့လမ်းမှာ လျှောက်ရင်းနဲ့တောင် ကျောက်တုံးတွေ မွှေးမြ
ကောင်မလေးတစ်ယောက် ငါ့ကိုချစ်တဲ့ည။

ငါ့ကိုယ်ငါ မိုးကြိုးတွေ ပစ်ချ
ငါ့ကိုယ်မှာ မီးစုန်းတွေ ထွက်ကျ
ငါတစ်ကိုယ်တည်း လင်း.. လင်းနေတဲ့ည။
ငါတစ်ယောက်ထဲ လင်းသွားတဲ့ည။


တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

နိုဝင်ဘာ

ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိတ် ၀တ်ဆင်ထားတဲ့ မိန်းမ။
မြူခိုး နီညိုတွေကြားမှာ
စံပယ်တွေ ကပိုကရိုနဲ့ ... လှလို့။

ငါ.. တစ်ပွင့်ပြီး တစ်ပွင့်ပြီး တစ်ပွင့် ပြိုလဲ
နှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့။

တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

နေကြတ်ချိန်

အင်္ဂါဆိုတဲ့ နေ့တစ်နေ့က
ငါ့ကို အကုန်ယူသွားတယ်။

ငါ့မှာ..တစ်ယောက်ထဲ ဖြစ်နေရတဲ့ အထဲ
ဝေါကနဲ ပျောက်ဆုံး လိုက်ရ။

ဘယ်ဆောင်းဥတုကမှ
လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို
နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ။

အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ ကောင်မို့
...
မှောင်တယ်။

လွမ်းလွမ်းဆွတ်ဆွတ် ငါတွေးမိရဲ့
ကျောက်တုံးပေါ် တင်အသွေးခံရတဲ့ဓါးလို
ငါလည်း အစားခံနေရချိန်..လို့။

တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

ချစ်သူသို့

သံချေးတစ်ထပ် ရွှံတစ်ထပ်မို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်း ဘယ်လိုမှ ဖတ်လို့ ရမှာ မဟုတ်ဘူး။

အာငွေ့မှုတ်သံတွေ ကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် အိပ်ပစ်လိုက်ကွယ်..

ချစ်သူရေ
လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ။

စစ်တုရင် တစ်ပွဲလုံးကို
ဆွဲမှောက် ခံလိုက်ရပေမယ့်
..
ဘာဖြစ်လဲ
ဝမ်းမနည်းကြေး
တို့တွေ ရွာသွန်းကြရုံပေါ့။

ယုံကြည်ထားစမ်း
ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက် စိုက်ပျိုး နိုင်တယ်ဆိုတာ။


တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

မိုး

ချစ်သူရေ
ဟောဒီ ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။

ကိုရွှေမုတ်သုံလေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။

အိုကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။

အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။

ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။

အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။

လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။

ငါတို့ရဲ့ မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။


တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

အနောက်တောင်

ကြာတော့လည်း
မိုးချုန်းပြရတာ ရှက်လာပြီ

ဆောင်းရေ
ကဝေအလင်းတွေ လွှင့်ထုတ်ပြီး
ငါ့ရင်ထဲက မိုးတိမ်တွေကို
ခုတ်ချပေးပါ

ငါ
နှင်းစက်တွေနဲ့ ခုံးဝန်းချင်တဲ့ကောင်
ကုလားအုပ်ကြီးယောင်ဆောင်ပြီး
ကန္တာရအထိ တွားသွားပြမယ်လေ။


တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

ကျွန်တော်နှင့် သနပ်ခါးပွင့်ကလေး

စစ်မက်ပြိုင်မိုး
ကြယ်ကလေးတွေ စီးချင်းမထိုးကြပါနဲ့။

မိုးချုပ်အိမ်ပြန်
လမင်းကို ပန်တဲ့မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ပါကွယ်။


တာရာမင်းဝေ

စိတ်ပျက်လက်ပျက်

ကျွန်တော်ကပြောတော့ ..
.. .. ချစ်သူကရယ်တယ်။

ကိုယ်သာ
သူ့လိုခွေးတစ်ကောင်ဆိုရင်
မဟောင်ပါဘူးကွယ် ..။

စောင့်ဆိုင်း
တိတ်ဆိတ်
မကိုက်ချင်ရင် အိပ်နေမှာပေါ့ .. လို့။

စကားအဆုံးမှာ
ကျွန်တော်ကတော့ ရှူတည်တည်ပါပဲ
ချစ်သူကလည်း ရယ်မြဲရယ်လို့။

တာရာမင်းဝေ

နတ်ပူးနေတဲ့ကောင်

လွင့်လိုက်ရတာ
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ၊
တယ်လီဖုန်းခေါ်သံတွေကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ကောင်ပါ။

မေမေရေ…
မိုးတိမ်ကြီးထဲမှာ
ခြေပစ်လက်ပစ် သား ၀င်အိပ်လိုက်ချင်ရဲ့။
ကောင်းကင်ကို ပြန်တည့်ရတာ
.…မောတယ်။

တာရာမင်းဝေ

ဥယျာဉ်

နဂါးတွေကသာ
တကယ်တမ်းကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။

ဒါပေမယ့်
မျက်နှာအရေပြားတွန့်တွန့်ကြီးနဲ့လူတွေက
နဂါးနှဲမှုတ်ပြီးလူးလွန့်ပြရင်တော့
သူတို့အစား…
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။

အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေကတိတ်တာတောင် ကိုယ်ကရွာတုန်း။

သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့.
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုန်းတွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့၊

ကောင်မလေးရေ…
တကယ်ဆို ကိုယ်ဟာဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှမပွင့်သေးတာက လွဲရင်ပေါ့ကွယ်။

တာရာမင်းဝေ
ad

ဆရာတာရာမင်းဝေ နောက်ဆုံးရေးသားခဲ့သည့်ကဗျာ

ad
ဒီကဗျာလေးအတွက် ကိုအောင်ဒင်ကို ကျေးဇူး အထူးတင်ရှိပါတယ်။