- ဖန်တီးခဲ့တဲ့ လက်ရာများထဲက ကိုယ်တိုင်နှစ်သက်ခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ကို ရွေးချယ်ပေးပါလား။
+ ဒီကဏ္ဍအတွက် “ပိတောက်ပင်ကို အိပ်မက်,မက်တဲ့ကောင်လေး” ဆိုတဲ့ ဝတ္ထုတိုကို ရွေးပေးလိုက်ချင်တယ်။ ၁၉၉၅ ခုနှစ် ၊ ဧပြီလထုတ် “ မြန်မာ့ရုပ်ရှင်” မဂ္ဂဇင်းမှာပါဝင်ခဲ့တဲ့ ဝတ္ထုတိုလေးပါ…။ ဒီဝတ္ထုတိုလေးမှာနာမည်ရင်းရှိပါတယ်…။ ပရိတ်သတ်ကို ဆက်ဆံတဲ့နေရာမှာ… သူ့ နာမည် ဟာ…“ပိတောက်ပင်ကို အိပ်မက်,မက်တဲ့ကောင်လေး” ပါ ။ နာမည်ရင်းကတော့… “ဘယ်လမ်းကို သွားနေမှန်းမသိတဲ့ မြေပုံ” ဖြစ်ပါတယ်။
- အဲဒီဝတ္ထုနဲ့ ကိုယ့်ရဲ့ လက်တွေ့ ဘဝ၊ ခံစားမှုတို့ ပတ်သက်မှုရှိရင် နည်းနည်း ပြောပြပေးပါ။
+ ကျွန်တော်ဟာ အမေ့အိမ်ကခွဲပြီး (၇) နှစ်တာခရီးတစ်ခုကို သွားခဲ့ဘူးပါတယ်…။ဘန်ကောက်ကို Shopping ထွက်တာ မဟုတ်သလို ၊ နိုင်ငံခြားသင်္ဘောလိုက်တာလည်း မဟုတ်ပါဘူး။အဲဒီလို ခရီးတစ်ခု ထွက်ခဲ့တယ်ဆိုပါတော့ …။
အမေ့အိမ်ကို ပြန်အလာ … လမ်းမှာ ခံစားရတာတွေရှိပါတယ် ။ လောကအကြောင်း ၊ ကိုယ့်အကြောင်း ပြန်တွေးမိတာတွေရှိပါတယ်…။ ရင်းနှီးသူတွေသိကြပါတယ် ။ အဲဒီခံစားချက် ၊ အဲဒီ အတွေးအမြင်ကို အနုပညာပစ္စည်းတစ်ခုအဖြစ် ပြန်တည်ဆောက်တာပါပဲ။
- ဒီလိုဖန်တီးဖြစ်ဖို့ ဘယ်လို inspiration ရပါသလဲ။
+ ဒီဝတ္ထုမှာ inspiration မပါ ပါဘူး။ ကိုယ့်ဘ၀မှာ … ကိုယ်ဖြတ်သန်း ဆင်ခြင်မိတဲ့ အနေအထားတစ်ရပ်ကို အနုပညာ တစ်ခုအဖြစ်အန်ထုတ်ပစ်ချင်တယ်။ အဲဒီလိုနဲ့ ဒီဝတ္ထုကိုရေးဖြစ်တယ်။ရေးအောင်လှုံ့ဆော်တဲ့ စိတ်ဘဝ အသိတွေကြောင့်ပါ။ စိတ်ပိုင်းဆိုင်ရာဗိုင်းရပ်စ် (mental virus) လို့ခေါ်တယ် ။ ပညာရပ်ဝေါဟာရ အရ “N’ach” လို့ သုံးတယ်။
- ဒီဝတ္ထုကို တင်ပြရာမှာ ပုံသဏ္ဍာန်ရွေးချယ်မှုနဲ့ ပတ်သက်လို့ အခက်အခဲရှိပါသလား။
+ ဒီလက်ရာကို ပရိတ်သတ်သိအောင်တင်ပြရာမှာ အခက်အခဲရှိသလားဆိုတော့ … ရှိတယ်။
ခက်တယ်။ အဲလို အမေ့အိမ်ပြန်တဲ့အကြောင်း ကဗျာတွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေများလှပြီ။
အများစုကတော့. . . အောင်မြင်မှုအတွက် ဂုဏ်ယူပြီးပြန်တာတို့၊ ဆုံးရှုံးမှုအတွက် နာကျင်ကြေကွဲပြီး ပြန်တာတို့
. . . အဲဒါတွေပေါ့…။ ဒါပေမဲ့ ကိုယ်ပြောချင်တာအဲဒါမျိုး မဟုတ်ဘူး။ ဒီအချက်အရေးကြီးတယ်။ ကျွန်တော့ဘဝမှာ
အမေ့အိမ်ကနေ အမေ့အိမ် ကနေ တနေရာကို ထွက်သွားတာ၊ ပြီး…ပြန်လာတာ များလှပြီ။ သိပ္ပံ အမြင်အရ ပြောရရင် တော့ အရွေ့“သုည” ပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီနေရာမှာ လည်ပတ်နေရတဲ့ ကျွန်တော့်ဘဝရဲ့
သံသရာစက်ဝိုင်း အငယ်စားလေးတွေနဲ့ ပတ်သက်ပြီး တင်ပြချင်တာ။ အဲဒီလို စက်ဝိုင်းကလေးတွေ အများကြီးကို
… ကျွန်တော် လည်ပတ်ခဲ့ပြီးပြီ။ ဒါပေမဲ့…ဘာကို ဘဟိုပြုပြီး လည်ပတ်တာလဲ…။ ဒီစက်ဝိုင်းတွေ ဘယ်ကစတာ
လဲ…။ အဲဒါကို ကျွန်တော်က ကျွန်တော်နဲ့အတူ ပရိသတ်ကိုလည်း ခံစားကြည့်စေချင်တယ်။ အဲဒီတော့ ပြောရခက်တယ်။ ရအောင်ပြောမယ်ဆိုပြီး ပြောခဲ့တာပါပဲ…။
- ဒီဝတ္ထုမှာ အကြောင်းအရာနဲ့ ပုံသဏ္ဍန် ဘယ်လို တွဲဖက်ဖြစ်ခဲ့ပါသလဲ။
+ ဒီဝတ္ထုကို တင်ပြရာမှာ အကြောင်းအရာနဲ့ ပုံသဏ္ဍန်ဆိုပြီး တွဲစပ်ခဲ့တာ မဟုတ်ဘူးဗျ…။ ‘Form and Content’
ဆိုတာကို ကျွန်တော်က ပယ်ထားတယ်။ ‘Material and Structure’ဆိုတဲ့ အတွဲအစပ်ကိုပဲ ကျွန်တော်သုံးတယ်။
စကားလုံးတွေကို ‘Material’ အဖြစ် အသုံးချပြီး၊ဒီဝထ္ထုရဲ့ ‘Structure’ ကိုတည်ဆောက်တယ်။ ဒါမျိုးပေါ့။ “ဂယက်” ပြောင်းပြန်ထတဲ့ နည်းကို သုံးခဲ့တယ်။ ဇတ်ကောင်ရဲ့ ဘဝနဲ့ သက်တမ်းကို…ကျယ်ရာကနေ…အချိုးကျ ကျုံ့ဝင်သွားစေတဲ့ နည်းပေါ့။(အဲလို တည်ဆောက်မှုကို post-modernist တွေကတော့ Recursive Structureလို့ သုံးကြတယ်။) ပြီး …အဲဒီအလွှာတွေကို ထပ်ပစ်တယ်။ (အဲဒါမျိုးကို post-modernist တွေက ‘strang loop” လို့ သုံးတာမျိုး တွေ့ဖူးတယ်) ပြီးတစ်လွှာကနေတစ်လွှာ ထိတွေ့ဆက်ဆံမှုလုပ်ပစ်တယ်။(အဲဒါမျိုးကို post-modernist တွေက ‘Flickering’ လို့ သုံးတာမျိုး တွေ့ဖူးတယ်။)
- ဒါဆိုရင် ပုံဖော်တဲ့နေရာမှာ ကြားခဲပစ္စည်းတွေ ဘယ်လိုသုံးခဲ့ပါသလဲ။
+ ဝတ္ထုဆိုတော့လည်းဗျာ စကားလုံးကြားခံပစ္စည်း ‘verbal Medium’ နဲ့ ပုံဖော်ရတာပေါ့။ ဒါပေမဲ့ ဒီဝတ္ထုမျိုးက စကားလုံး ကိုသိပ်အားထားလို့ မရဘူး ‘Concept’ ကိုပံအားထားရတယ်။ ကိုယ်က “ဂယက်ပြောင်းပြန်ထည့်နည်း”
ကို သုံးပြီး ရေးခဲ့ပေမဲ့ ဖတ်သူက “ဂယက်အစဉ်ရိုက်ခတ်နည်း” အတိုင်းပဲ ဖတ်ရတယ်။ ဒီဝတ္ထုထဲမှာ စက်ဝိုင်း
ကျုံ့ ကျုံ့ သွားပြီးနောက်ဆုံး ငယ်ဘဝမှာ… “ဝလုံးကို ဘယ်က စဖတ်ရမလဲ မသိတာ” ကို ရေးပြထားတယ်။
အဲဒါဟာ ဒီဝတ္ထုရဲ့ အနှစ်ချုပ် Concept ပဲ။ ဝလုံးကို ရေးတာဟာ စက်ဝိုင်းကို ဆွဲတာနဲ့ မတူဘူး။ စက်ဝိုင်းက ဗဟို
ချက်ရှိတယ်။ ဝလုံးဗဟိုချက် မရှိဘူး။ လည်ပတ်နေရမဲ့ ဗဟိုချက် မရှိသလို ဖြစ်နေတဲ့ ကျွန်တော့်ဘဝကို ပြောချင်တာ…။ ပြီး အဲဒီလည်ပတ်မှုက ဘယ်က စမှန်းမသိတာကို ပြောချင်တာ။
ဝတ္ထုရဲ့ အဲဒီအချက်ကလေးကို . . . KRA လို့ ခေါ်တယ်။ “Key Result Area” ပေါ့လေ။ သော့ခက်ကျတဲ့ အပိုင်းပေါ့။ post-modernist တွေမှာလည်း အဲလို နည်းစနစ်မျိုး ရှိတယ်…။
“Mese-en abyme” လို့ခေါ်တယ်။ တခြားဆက်ပြောရင်တော့ ပြောစရာတွေ အများကြီးရှိမယ်။
ဒါပေမယ့် ဒီလောက်ပဲ ပြောချင်တယ်ဗျာ။
- ဒီလက်ရာနဲ့ ပတ်သက်လို့ ပရိတ်သတ်ရဲ့ တုန့်ပြန်မှု ဘယ်လိုရှိပါသလဲ။
+ ဒီဝတ္ထုလေးရဲ့ ပျံ့နှံ့မှုက ဘယ်လောက်မှ မရှိဘူး။ ထည့်ပေးတဲ့ မဂ္ဂဇင်းက စောင်ရေ မများဘူး။ပြီး…
ဧပြီလထုတ် မဂ္ဂဇင်းဆိုတော့ သင်္ကြန်အဖွဲ့ အနွဲ့စာမူတွေနဲ့ ရောပြီး ပါသွားရတာ။ သူတောင် အူကြောင်ကြောင်
ဖြစ်သေး။ အလေးထားပြီး ဖြတ်မိတဲ့သူ နည်းတယ်။ အကြိုက်တွေ့ခြင်း မတွေ့ခြင်းက အဓိက မကျဘူး …
အတော်လေးတော့ စိတ်ဝင်တစားရှိကြတယ်။
- အခုအချိန် ဒီလက်ရာကို ပြန်သုံးကြည့်မယ်ဆိုရင်ကော။
+ ကျေနပ်ပါတယ်။
ဒီဝတ္ထုအကြောင်းလေး..အထက်မှာကျွန်တော်ပြောခဲ့တာတွေက… ပညာရပ် ဝေါဟာ၇တွေပါသွားတယ်။
ဝတ္ထုတိုတွေ ကျွန်တော်ရေးတဲ့ နေရာမှာ တချို့ကိုလည်း သီအိုရီ သဘောအရ စမ်းသပ်ရေးတာတွေရှိတယ်။
စိတ်ကြိုက်တွေ့မှ ကိုယ်နဲ့ လိုက်ဖက်တယ်ထင်မှပေါ့။ အများစုကိုတော့ ကိုယ့်ဘာသာ လွပ်လွပ်လပ်လပ် ရေးတယ်။ ဘယ်သီအို၇ီ၊ ဘယ်ဝါဒ ဘယ်နည်းစနစ်ကိုမှ ဂရုမစိုက်ဘူး။ ခု… ဝတ္ထုတိုလေးက ဒုတိယ အမျိုးအစားထဲမှာပါ, ပါ တယ်။
- တခြားပြောချင်တာများ ရှိသေးရင်…။
+ အခု…ရှင်းလင်းချက်မှာ post-modern နည်းဗျူဟာတချို့ အခြားပညာရပ်ဝေါဟာရ တချို့ကို … နီးစပ်ရာ
ဆွဲယူရှင်းလင်းခဲ့တယ်။ အဲဒါကြောင့် အခုမှ အနုပညာစ,ဖန်တီးမယ့် ညီငယ်၊ညီမငယ်တွေကိုတော့ တွန့်
မသွားစေချင်ဘူး။ သူတို့ကို လည်း လွပ်လွပ်လပ်လပ် ဖန်တီးစေချင်တယ်။ အနုပညာကို ချစ်ဖို့၊ ခံစားတတ်ဖို့
အနုပညာနဲ့အတူ အသက်ရှင်တတ်ဖို့ အဓိကပါပဲ…။
မှတ်ချက်။ ။ Beauty မဂ္ဂဇင်း၏ “သူနှင့် သူ့အနုပညာ” ကဏ္ဍတွင် ဖော်ပြခဲ့ဖူးသည့် ဆရာတာရာမင်းဝေ၏ အထက်ပါ အင်တာဗျူးကို အီးမေးလ်မှတဆင့် ပေးပို့လာသူ ကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။
ဆရာတာရာမင်းဝေ နောက်ဆုံးရေးသားခဲ့သည့်ကဗျာ
ဒီကဗျာလေးအတွက် ကိုအောင်ဒင်ကို ကျေးဇူး အထူးတင်ရှိပါတယ်။
ဆရာတာရာမင်းဝေ (ခ) ချစ်ညီညီ (ခ) ရွှေဘုန်းလူ (၁၉၆၆-၂၀၀၇) ၏ စာမူများအနက်မှ မိမိဖော်ပြပေးလိုသော စာမူများရှိပါက nyinyithanlwin@gmail.com သို့ ပေးပို့ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
Labels
- ၀တ္ထုရှည် (1)
- ၀တ္ထုတို (6)
- ကဗျာ (49)
- စာတိုပေစ (4)
- ဓာတ်ပုံ (5)
- နက္ခတ်ရစ်သမ် (1)
- မိုးခေါင်လို့တီးတဲ့ဗုံသံ (23)
- သတင်း (2)
- အင်တာဗျူး (5)
- အမှတ်တရကဗျာ (9)
- အမှတ်တရစာ (9)
- ရွှေဘုန်းလူ (3)
1 comments:
ကျနော်တိုတစ်တွေဟာ တစ်ခါတစ်ရံမှာ ဘယ်သူကိုလွမ်းလိုဘာလုပ်ချင်မှန်းမသိအောင် ကျနော်တိုရဲ့ စိတ်တွေကဆာ လောင်မှုတွေဖြစ်တတ်ပါတယ် တစ်ခါတလေတော့လည်းအဲဒီစိတ်ရဲ့ ဆာလောင်မှုတွေကို တစ်စုံတစ်ခုကြောင့် စိတ်အဆာပြေသွားတတ်ပါတယ် ကျနော်အခုထိ စိတ်အဆာမပြေတဲ့တစ်ခုရှိပါတယ် ဘာလည်းဆိုတော့ ကျနော် ဆရာတာရာမင်းဝေနဲ့တွေပြီးတော့ သူရေးထားတဲ့ ကဗျာတွေ ၀တ္ထုတို ၀တ္ထုရှည် ဆောင်းပါး အက်ဆေး အဲဒါတွေကို လူကိုယ်တိုင်တွေပြီးတော့ ပြောချင် မေးချင်းပါတယ် နောက်ကျနော်အသက်နည်းနည်းရလာတော့ တာရာမင်းဝေတင်မကတော့ဘူး ရွေဘုန်းလူနဲ့ပါ စကားတွေပြောကြည့်လာတယ် အဲဒီတော့ ကျနော် သူကို တွေရအောင်သူစာတွေမှာလိုက်ရှာတော့တာပေါ့ တာရာမင်းဝေကိုရှာတော့ ရွှေဘုန်းလူ ကိုပါထပ်တွေတယ် ကျနော်အသက်ရှင်နေတဲ့အထိ ဆရာတာ၇ာမင်းဝေကိုရော ရွှေဘုန်းလူကိုရော သူတိုရဲ့စိတ်ကိုတွေအောင်ရှာနေအုန်းမှာပါအဲဒီလိုလိုက်ရှာနေရင်းနဲ့ပဲအခုဒီဘလော့လေးကိုတွေလိုက်ရတာပါကျနော်စိတ်ကိုအဆာမပြေစေမဲ့ ကိုယ်အမြဲတမ်းတပြီးတော့ မတွေတာကြာပြီဖြစ်တဲ့ငယ်ရည်စားအိမ်ထောင်မကျသေးဘူးလိုကြားလိုက်ရသလိုပါပဲ စိတ်နည်းနည်းအဆာပြေသွားပါတယ် ကျေဇူးပါ
Post a Comment