လင်းရှပြာရီသော မီးတောက်မီးလျှံများက ပင်လယ်လှိုင်းလုံးကြီးတွေလို ခုံးဝုန်းထကာ၊သူ့ကို ဒေါသမာန်ဟုန်းဟုန်းဖြင့် စိုက်ကြည့် နေကြသည်။
မီးမှော်ဆရာထံ “ခေါစာ” ပစါကျွေးခံရရာမှ လူးထ ပြန်ပြေးခဲ့ရသော သားကောင်ပမာ သူ့ကိုယ်ပေါ်မှာ မီးခိုးမှိုင်းမျှင်များက ရစ်ခွေလိမ်ပတ်လျက်။
နောက်သို့ တစ်လှမ်းချင်း ပြန်ဆုတ်နေရင်းက ကြေကွဲစွာ ပြုံးဖြစ်သည်။ လူမိုက်ဆန်စွာ တိုးဝင်ပစ်ရဲသော်လည်း လူသားဆန်စွာပင် သူခြေကုပ်မမြဲတော့။ အလဲလဲ အပြိုပြို ဆံပင်တွေကို သပ်တင်လိုက်၏။ သူ့သက်ပြင်း က မီးတောက်လက်တံကို ပို၍ လင်းသွားစေသည်။
ထို့ကြောင့် …
သူနောက်သို့ တစ်လှမ်းချင်း ဆုတ်နေဆဲ၊ အိပ်မက်၊ မျှော်လင့်ချက်၊ ရွှေရောင် အနာဂတ်လမ်းကလေး အားလုံးကို သူစတေးခဲ့ရသည်။
“………………”
ထိုသို့ဖြင့် လာရာလမ်းကိုပဲ သူ လှည့်ပြန်ခဲ့သည်။
(၂)
ငယ်ငယ်ကလိုပင် လမ်းပေါ်မှ ကျောက်ဆောင် ကျောက်ခဲများကို မိုးကောင်းကင်ဆီ တုပနိုင်သည့် မြေပြင်၏ မာကျောသော တိမ်ပွင့်တိမ်စများဟု သူထင်မြင်မိနေဆဲပဲဖြစ်၏။ အိမ်အပြန်လမ်းကို ခေါင်းငုံ့၍ လျှောက်လှမ်းလာခိုက် လမ်းဘေးတစ်နေရာမှာ “ညီညီ့” ကို ဆုံတွေ့လိုက်ရခြင်းဖြစ်လေသည်။
ညီညီက အသက်နှစ်ဆယ် ရှိနေပြီ။ ကြမ်းလွှသော အညိုရောင် ဝတ်စုံကို ဝတ်ဆင်လျှက် လက်ထဲမှာ စာအုပ်တစ်အုပ် ကိုင်ထားရင်း သူ့ကို ပြုံးရယ်ပြလေသည်။
“ကျွန်တော် စာဖတ်နေတာ…”
“ဒီစာအုပ်ကိုဖတ်ဖူးလား”
ညီညီထောင်ပြသော စာအုပ်ကို တစ်ချက်လှမ်းကြည့်ရင်း၊ သူခေါင်းညိမ့်ပြလိုက်သည်။“မာတင်ဘုရှ်” တည်းဖြတ်သော မြောက်အမေရိကန် ကဗျာစာအုပ် တစ်အုပ်ဖြစ်၏။ သူခေါင်းညိတ်ပြသည်ကို မြင်သောအခါ ညီညီက ပို၍ လင်းမြပြုံးရယ်လာပြီး …
“အဲဒါဆို … ကျွန်တော် ဆွေးနွေးချင်တာလေး နည်းနည်း ရှိတယ်ဗျာ…”
“ဘာလဲ …”
“ဒီစာအုပ်ထဲမှာ နိမိတ်ပုံနဲ့ သင်္ကေတကို ခွဲပြထားတယ် …”
“အင်း…”
“ဥပမာ… ယေရှုခရစ်ကို နိမိတ်ပုံနဲ့ ရေးပြရင် ဂျုံခင်းတွေကိုယူလာတဲ့ ဝတ်ရုံဖြူနဲ့ လူလို့ ရေးပြတာမျိုး”
“အင်း…”
“ဒါပေမဲ့ ယေရှုခရစ်ကိုပဲ သင်္ကေတ နဲ့ပြတော့ လက်ဝါးကပ်တိုင် ပြလိုက်တယ်…”
“အင်း… အဲဒါဘာဖြစ်လို့လဲ…”
ညီညီ့ မျက်လုံးများက စိတ်ဝင်စားမှု တို့ဖြင့်အရောင် လက်ဖြာနေသည်။
“အဲဒီမှာ ကျွန်တော်တွေးမိတာ လေး တစ်ချက်ရှိလာတယ်… ဒီလိုလေ…”
သို့သော်
ညီညီ့စကားကို ဆုံးအောင် သူနားမထောင်လိုက်ရပါ။ လေကြမ်းတို့ လွင်ဖြူးတိုးဝှေ့လာ၏။ အစိမ်းရွက်တွေ ဖျတ်ဖျတ် လူးခါနေသော ပိတောက်ပင်ကြီးတစ်ပင်ကို မြင်ယောင်လွမ်းဆွတ်လိုက်မိ၏။ တိုးသဲ့သော်လည်း တုံခါကျစ်လျစ်နေသည့် ရထားဥသြဆွဲသံကို ကြားလိုက်ပြန်သည်။
ညီညီ့ကို ထားခဲ့ကာ သူဆက်လက်ထွက်ခွာ လာခဲ့၏။
(၃)
လေထဲမှာ တစုံတရာက တိုးဆွတ်ပါဝင်နေသည်လား။ သူ့မှာ အသက်ရှုရတာပင် မူးမိုက်လာသည်။တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း လျှော့ချလိုက်၏။
အမြင်ကို ကြည်လင်အောင် ကြည့်သည်။ ထိုမှာပင် လှေခါးထစ် တစ်ခုပေါ်မှာ ထိုင်နေသော ညီညီ့ကို သူတွေ့လိုက်ရသည်။
ညီညီက အသက်ဆယ့်သုံးနှစ် ရှိနေပါပြီ။ အပြာရောင်အဝတ်အစားတို့ကို မသေမသပ် ဝတ်ဆင်ထားပြီး အဝေးသို့ ငေးကြည့်နေသည်။
သူက ရှေ့မှာ သွားရပ်လိုက်တော့မှ ညီညီမြင်သည်။ သူ့ကို ပြုံးလွင်စွာ စကားဆိုရန် ညီညီ့နှုတ်ခမ်းတို့ အဟမှာပဲ သူကဦးအောင်ပြောလိုက်၏။
“ဘာတွေစဉ်းစားနေတာလဲ”
ညီညီက ချက်ချင်းပြန်မဖြေသေးပဲ ဖုန်အလူလူးပေကျံနေသော သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်၏။ ထို့နောက်မှ
“မနေ့က ကျွန်တော်ကြားလိုက်ရတဲ့ စကားပုံတစ်ခုရှိပါတယ်။ အတွေ့အကြုံဟာ သိပ်ကောင်းတဲ့ ကျောင်းတော် ပဲတဲ့.. အဲဒါ ဟုတ်လားဟင်”
သူ … ပြန်မဖြေဖြစ်သေး ညီညီက သူ့မျက်နှာကို နွေးနွေးထွေးထွေး ငေးကြည့်နေ၏။ သူက သက်ပြင်း တစ်ချက်ကို ငုံ့ဝှက်ကာချလိုက်ရင်း … ။
“ဟုတ်တယ်”
ညီညီသဘောကျသွားပုံရသည်။ သူကတစ်ဆက်တည်းထပ်ပြောလိုက်၏။
“ဒါပေမယ့် စကားပုံမဟုတ်ဘူး၊ လူတစ်ယောက်ပြောသွားတဲ့ စကားပဲ၊ စကားက ဒီလာက်နဲ့လည်း မပြည့်စုံသေးဘူး နောက်မှာကျန်သေးတယ်”
“ဟင်… ဘာကျန်သေးတာလဲ…”
သူက အဓိပ္ပာယ် ခန့်မှန်းရခက်သည့် အပြုံးတစ်ချက်ကို ပြုံးလိုက်မိရင်း …
“အတွေ့အကြုံဟာ သိပ်ကောင်းတဲ့ ကျောင်းတော်ပဲ။ ဒါပေမဲ့ သင်တန်းကြေး ကြီးလွန်းတယ်တဲ့”
‘ညီညီ’ က ဘာမှ ပြန်မပြောတော့ပဲ တွေငိုင်သွားသည်။ ထိုအချိန်မှာပင် လေစီထဲမှာ လွင့်မျောပါလာ သည့်ပိတောက်ရနံ့ သန့်ခနဲ သူရှူရှိက်လိုက်ရသည်။ လူများ၊ ခွေးလေခွေလွင့်များ၊ လမ်းလျှောက်နေသော ခြေထောက်များ၊ မော်တော်ကားများ၊ ရပ်ကျန်ခဲ့သော စည်းရိုးမှတ်တိုင်များ၊ ဆူညံသော အသံဗလံများနှင့်အတူ သူနှင့် ညီညီ လူချင်းကွဲသွားလေသည်။
(၄)
သစ်ကိုင်း၊သစ်ရိုင်းကလေးများ ယိုင်ကျဲပေါက်ရောက်နေရာ လမ်းကလေးထဲသို့ သူလျှောက်သွားသော အခါ ပုစဉ်းရင်ကွဲ တစ်ကောင်က အချိန်အခါမဟုတ် စူးစူးဝါးဝါး ထအော်၏။
လမ်းကလေးသည် တိတ်ဆိတ်၏ ။ ပိတောက်ရွက်ကြွေတို့က လမ်းနံဘေးတစ်လျှောက်မှာ ပါးပါးလျလျ ဝပ်စင်းနေကြ၏။ လမ်းကလေးအဆုံး၌ အဖြူရောင် ရှပ်အင်္ကျီကလေးနှင့် ရှင်းသန့်စင်ကျယ်နေသော ညီညီ့ကို တစ်ကိုယ်တည်း ဆော့ကစားလျက် တွေ့ရ၏။
ညီညီက မြေပေါ်မှာစက်ဝိုင်းလေးတစ်ခုကို တုတ်နှင့်ရေးဆွဲနေရမှ သူ့ကို မော့ကြည့်၏ ။ သူကပြုံးရယ်ပြ ရင်း… ငုံ့ကိုင်းနှုတ်ဆက်လိုက်၏ ။
“ညီညီ ကစားနေတာလား…”
ညီညီက ခြောက်နှစ်သားရှိပြီ ဖြစ်၏။ ကျောင်းမှာ စာသင်ခါစ အရွယ်ပင် ရှိဦးမည်။ သူ့ကို မျက်တောင်များ တဖျတ်ဖျတ် ပုတ်ခတ်ကာ မော့ကြည့်ရင်း …
“စာဖတ်တတ်ထားဟင်…”
သူက ခေါင်းမညိတ်၊ ခေါင်းမခါ။
“ဘယ်နှတန်းရောက်ပြီလဲ …”
သူရယ်မောမိလိုက်၏။ သူ့ရယ်သံက အတန်ငယ်ရှည်လျားသွားသဖြင့် ညီညီက ဆုံးအောင်မစောင့်နိုင်ဘဲ ထပ်မေးသည်။
“ဘယ်နှတန်းရောက်ပြီလဲ ဟင်…ဟိုး ဆယ့်လေးငါးတန်း အထိလား…”
“အင်း … ဟုတ်တယ်…”
ညီညီက လက်ညိုးလေးထောင်ပြီး ဆက်မေးသည်။
“ဘွဲ့ကြီးရလား…”
“ဘွဲ့တော့မရလိုက်ပါဘူးကွာ… ဘာဖြစ်လို့လဲ ညီညီဘာပြောချင်လို့လဲ…”
သူက ထိုသို့စကား ထောက်လိုက်မှ ညီညီက သူ့မူလကိစ္စကို ပြန်သတိရသွားသလို …
“ဒီမှာကြည့်…”
လက်ထဲမှာ ကိုင်ထားသော တုတ်နှင့် မြေပြင်ပေါ်မှာသူရေးဆွဲထားသော စက်ဝိုင်းကို ညွှန်ပြကာ
“ဝ…လုံး…”
“သြော်…ဒါ ဝလုံးဆွဲတာလား…”
“ဟုတ်တယ်…ဝလုံး…”
“ညီညီ့ ဝလုံက ဝိုင်းသားပဲ အကြီးကြီး…”
“အဲဒါမေးမလို့”
ညီညီ့စကားကြောင့် နှာခေါင်းကို လင်နှင့် ပွတ်သပ်က ပြုံးယောင်ယောင်ဖြစ်မိရင်း…
“ဘာမေးမှာလဲ ညီညီရဲ့ …”
“ဝလုံးကို ဘယ်က စဖတ်ရလဲ”
“ဟင်…”
“ဝလုံးကို ဘယ်ကစဖတ်ရလဲလို့”
ဝလုံးကို ဘယ်က စဖတ်ရမလဲ..သူကြောင်အ နေစဉ် လေတစ်ချက် တဝှေ့ဝှ့ သက်၏။ ပိတောက်ရွက် ကြွေများ မြေပေါ်မှာ ဖွာဆန်ကြဲသွားသည်။
“ဟင် … မသိဘူးလားလို့…”
သူဘာမှ ပြန်မဖြေဖြစ်။ ညီညီက အလို မကျသလို ခြေဆောင့်ကာ-
“ဒါလေးတောင်မသိဘူးတဲ့ ကျောင်းကြီးလည်း တက်လာသေးတယ်။ အမေ့ကိုပဲ မေးတော့မယ်”
ထို့နောက် ညီညီက နောက်ဘက်ခြံဝင်းလေးထဲ သို့ မျက်နှာမူလိုက်၏ ။
“အမေ…”
“……….”
“အမေကြီးရေ”
“……….”
“မေ… မေမေ…”
(၅)
အိမ်ကလေး၏ တံခါးဝဆီမှ အသံထွက်လာ၏။
“သားငယ်လား ..”
ထို့နောက် အပြင်သို့ တစ်ဦးထွက်လာကာ
“ဟဲ့ … သားငယ်”
ကပျာကယာ သူ့အနီးသို့ ချဉ်းကပ်ရောက်လာပြီး သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်၏။ ကြည်နူးဝမ်းသာသော အသံဖြင့် …
“သားသား ညီညီ တစ်ယောက်ထဲလား … ဘယ်သူမှ မပါဘူးလား … ရထားတောင်ဆိုက်သွားပြီကိုး၊ သားက ကြိုအကြောင်းမကြားဘူးကွယ်။ အမေတောင် ညက သားကို သတိရနေတာ။
ထို့နောက် အိမ်ရှေ့လမ်းပေါ်မှာ ရထားလက်မှတ်ကလေးကိုင်ပြီး ရပ်နေဆဲဖြစ်သည့်သူ့ကို ခြံထဲဆွဲခေါ်၏။
“လာ … လာ … အထဲဝင်လေ… ဈေးထဲကလူတွေကတောင် မနေ့ကပဲ ညီညီ့ကို သတိရလိုက်တာလို့ ပြောနေကြသေး တယ်၊ သားရဲ့။
သူ လိုက်ဝင်၏ ။ အမေ့အိမ်သည် ငြိမ်းအေးတည်ကြည်လျက်ပင် ၇ှိသည်။ အမေ သူ့ခရီးဆောင်အိတ်ကို တနေရာ သို့ယူသွား၏။ သူ့ရင်ခွင်သည် ကြည်လင်လန်းဆန်းလာ၏။
“အမေ …”
“ဟေ … ဟား”
အမေ့အသံက နောက်ခန်းထဲမှ ထွက်လာခြင်းဖြစ်၏။ သူ့ကြောင့် အမေ အလုပ်ရှုပ်သွားပြီး ပျော်လည်း ပျော်နေသည်။
“သားငယ် … ဘာတုန်း …”
“သားတို့ ပိတောက်ပင်ကြီး ပွင့်ပြီလား”
“ဟဲ့ ဘယ်ပွင့်ဦးမလဲ သားရဲ့ ဒါပေမဲ့ အဖူးတွေကတော့ ဝေလို့ပဲသားရေ .. ပွင့်တာကတော့ ပွင့်တော့မယ်။နှစ်လည်း မကူးသေးဘူး။ သား သင်္ကြန်အမီ ပြန်ရောက်လာတာ အတော်ပဲ၊ နှစ်သစ်ကျရင် အမေနဲ့ သားနဲ့ ……………………………………………………………………… ”
အမေဆက်ပြောနေသည်များကို သူ မကြားတော့ပေ။ အိမ်ရှေ့ ကွပ်ပစ်မှာ လှဲလျောင်းရင်း မျက်လုံးအစုံကို မှိတ်လိုက်၏။ ကြေကွဲခဲ့ရသည်တို့ ကိုလည်း ပျယ်လွင့်မှုန်ဝါး၊ နာကျင်ခဲ့ရသည်များကို မေ့လျော့သွားသည်။
ထို့နောက် … ငြိမ်းချမ်းနှစ်ခြိုက်စွာ သူအိပ်ပျော်သွား၏။ သူ့အိပ်မက်ထဲမှာ ပိတောက်တွေ တစ်ပင်လုံး ဝေနေအောင် ပွင့်နေလေသည်။
(တာရာမင်းဝေ)
မှတ်ချက်။ ။ ဆရာတာရာမင်းဝေ၏ အထက်ပါ ၀တ္ထုတိုကို အီးမေးလ်မှတဆင့် ပေးပို့လာသူကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။
0 comments:
Post a Comment