တာရာမင်းဝေ အမှတ်တရ

ဆရာတာရာမင်းဝေ၏ စာမူများ စုစည်းမှု

ပန်းချီမုတ်သုန်ရေးဆွဲသည့် ပုံတူ

NMA0707 ရဲ့ပို့စ်

ရင်မှာလွမ်းရင်
မျှော်တိုင်းမြင်လွန်းလို့
လက်ညှိုး ညွှန်ရာ သူဖြစ်ပါစေသား
အရှင်ဘုရား။

စာရေးဆရာ တာရာမင်းဝေ ဆိုတဲ့ ပန်းခေတ်က လမင်းတစင်း မနေ့က သြဂုတ်လ ၅ ရက်နေ့ နေ့လည်ပိုင်းမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံကြီးမှာ အသည်းရောင် အသားဝါ စီပိုးရောဂါ (Hepatitis C) ဆိုတဲ့ လငပုပ်ကြီး အုပ်ဖုံးသွားလို့ အချိန်မတိုင်မှီမှာ ကြွေလွင့်သွားရှာပါပြီ။

တာရာမင်းဝေဆိုတဲ့ ကလောင်ကို ပန်းခေတ်က လမင်း ဆိုတဲ့ လုံးချင်းဝတ္ထုနဲ့ စတင် ထင်ရှားကျော်ကြား လာခဲ့ပေမယ့် အဲဒီမတိုင်ခင်က ရွှေဘုန်းလူ ဆိုတဲ့ ကလောင်နဲ့ ကဗျာတွေ စာတွေ ရေးဖွဲ့ခဲ့ပါတယ်။ လေစီးကြောင်းထဲကလူများ ဆိုတဲ့ သူရဲ့ဝတ္ထုတိုလေးကို ၁၉၉၄ မေလထုတ် ရင်ခွင်သစ် မဂ္ဂဇင်းမှာ စတင်ဖော်ပြခြင်း ခံရပါတယ်။ တာရာမင်းဝေ ဟာ သစ်ပင်တစ်ပင်ဆိုရင် အဲဒီဝတ္ထုတိုလေးက အဲဒီအပင်မှာ ပထမဦးဆုံး ပွင့်ခဲ့တဲ့ ပန်းလေးတစ်ပွင့်ပါ။

ငါနမ်းချင်တဲ့ ကံကော်ရေ
မင်း ပွင့်နေပြီလား ...

တာရာမင်းဝေဟာ မော်ဒန် စာပေလောကထဲကို လွတ်လပ်ရှင်းလင်းစွာ ၀င်ရောက်လာသူပါ။ သူ့မှာ (ဆရာ၊ တပည့်၊ အုပ်စု၊ ဒေသစွဲ၊ ၀ါဒစွဲ၊ လူကိုးကွယ်မှု) ဘာတစ်ခုမှ မရှိခဲ့ပါ။ ခေတ်လူငယ်တို့ ဘာသာဘာဝ မော်ဒန်အနုပညာကို စိတ်ဝင်စားသူ တစ်ယောက်ပါ။ နိုင်ငံတကာ မော်ဒန်အနုပညာရှင်များရဲ့ နည်းနာများကို တိုက်ရိုက်ယူခြင်း မှီငြမ်းယူခြင်း မဟုတ်ဘဲ မိမိဘာသာ ဆန်းသစ်တီထွင်ခြင်းကိုသာ အားပြုခဲ့သူပါ။

သူ့ရဲ့ စာတွေက စွဲဆောင်မှုရှိပါတယ်။ သာမန် ချစ်ကြိုက်ညားကွဲ ဇာတ်လမ်းတွေထဲက ခွဲထွက် ထိုးဖောက်ထားတဲ့ အပြင် ဇာတ်လမ်းတွေထဲမှာ စိတ်ဝင်စားစရာတွေ မှတ်သားစရာတွေ ပါရှိပါတယ်။ ကဗျာ အဖွဲ့အနွဲ့တွေကလည်း ကောင်းမွန် သပ်ရပ်လှပါတယ်။ ရင်ကို စူးရှထိမှန်စေပါတယ်။

ခေါင်းညိတ် ခေါင်းခါ
မျက်နှာလွဲဖယ်။

ပင့်သက် တိုးတိတ်
နှုတ်ဆိတ်နေမယ်။

အမြင် အကြည်
မယှဉ်မိကြောင်း
သခင် ... သိရင် ပျော်ပါတယ်။

မိန်းခလေးတွေအပြင် ယောကျာင်္လေး စာဖတ်ပရိသတ်တွေ အများအပြား သူ့စာပေတွေကို ဖတ်ရှုကြပါတယ်။ သူ့အနေနဲ့ လုံးချင်းစာအုပ် ၄၂ အုပ်တောင် ထုတ်ထားပြီးပြီ ဆိုပေမယ့် နောက်ထပ် အများကြီး ရေးနိုင်တွေးနိုင် ဖွဲ့ဆို သီကုံးနိုင်သေးတဲ့ နာမည်ကျော် စာရေးဆရာ တစ်ဦးပါ။ ကံတရားက တော်တဲ့သူတွေဆိုရင် အချိန်မတိုင်ခင် လောကကြီးကနေ ဆွဲခေါ်ထုတ်နေသလိုပဲ။

လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ တာရာမင်းဝေကို ရေဝေးသုသာန်ကို ပို့ဆောင် သဂြိုဟ်မယ်လို့ ကြားသိထားရပါတယ်။ သူ့နေအိမ်က မြောက်ဒဂုံ ၊ ၄၅ ရပ်ကွက်၊ ပီမိုးနင်း ၁ လမ်းမှာပါ။ သူထွက်ခွါ နှုတ်ဆက်သွားချိန်မှာ ဇနီးဖြစ်သူ စာရေးဆရာမ မနော်ဟရီနဲ့ သားဖြစ်သူ ခေတ်နေ တို့ ကျန်ရစ်ခဲ့ပါတယ်။

ညက ပွင့်ကွဲထွက်နေချိန် ...
လမင်းဟာ အထီးကျန် တိမ်တိုက်တစ်ခုစီကနေ ...
ကောင်းကင်ကြီး လျှံ့ကျအောင် ရောင်ခြည်တွေ ရွာချသလို ...
ဝသုန်လေထု တစ်ခွင်တစ်ပြင်မှာ မင်းရဲ့အသံ ပျံလွင့်နေတယ်။


ကောင်းရာသုဂတိ ဘုံဘ၀မှာ ငြိမ်းချမ်းသာယာနေနိုင်ပါစေ။

1 comments:

အိုးဝေအောင် said...

တာရာ မင်းဝေ ကွယ်လွန် ခဲ့ တာ လာမဲ့ ဩဂတ်စ် ငါး ရက်နေ့ မှာ နှစ် နှစ် ပြည့် မှာပါ ၊ အမှတ်တရ အ ဖြစ် စာအုပ်ငယ် လေး တစ် အုပ် ထုပ်ဝေ ဖို့် ကြိုးစား စီစဉ် နေပါ တယ်၊

သူ့ အကြောင်း အကျဉ်းချုပ်၊ သူ့ ကဗျာ တစ်ချို့၊ ဈာပန မှတ်တမ်း ပုံ များ နဲ့ သူ့ကို ချစ်သူ၊ လေးစားသူ၊ စာပေလောက နဲ့ နိုင်ငံရေး နယ် များက မိတ်ဆွေ များ၊ သူ့ ရဲ့ ပရိသတ် များ၊ ရေးသား တဲ့ အမှတ်တရ ဆောင်းပါး၊ ကဗျာ၊ စာတမ်း များ ပါဝင် ပါလိမ့် မယ်၊ မိုးမခ အုပ်စု မှ ကိုမောင်ရစ် နဲ့ ဝိုင်းတော်သား များက စာအုပ်ကလေး ဖြစ်အောင် ဖွဲ့ဆည်း ပေးကြမှာပါ၊

တာရာ မင်းဝေ (သို့မဟုတ်) ရွှေဖုန်းလူ ကို ခင်တဲ့၊ သိတဲ့၊ွ တစ်ယောက် အနေ နဲ့ အမှတ်တရ ပါဝင်ရေးသား ဖို့ ဖိတ်ခေါ်ပါတယ်၊

ရေးပေး နိုင်မယ် ဆိုရင် ဂျူလိုင် လ ၁၅ ရက် နောက်ဆုံး ထားပြီး ပေးပို့ စေချင်ပါတယ်၊ ဇော်ဂျီ ဖောင့် နဲ့ ရိုက်ပေး ရင် စာအုပ် ပြင်ဆင် ရတာ ပိုပြီး မြန်ဆန်မှာပါ၊ အကြောင်း ကြောင်း ကြောင့် မရေး ပေးနိုင်ရင်လဲ နားလည် ပေးနိုင်ပါတယ်၊

လေးစားစွာ

အောင်ဒင်
ဂျူလိုင် ၅၊ ၂၀၀၉

ad

ဆရာတာရာမင်းဝေ နောက်ဆုံးရေးသားခဲ့သည့်ကဗျာ

ad
ဒီကဗျာလေးအတွက် ကိုအောင်ဒင်ကို ကျေးဇူး အထူးတင်ရှိပါတယ်။


Blog Archive